နိုင်ငံအတွင်းရှိ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အခြေအနေများနှင့် ပတ်သက်၍ သတင်းအမှားများ ဖြန့်ဝေနေသည့် အနည်းဆုံးပို့(စ်) အခု ၁ဝဝ ကိုဖြုတ်ချပေးရန် အိန္ဒိယ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနက ဧပြီ ၂၅ ရက်တွင် လူမှုကွန်ရက်များကို တောင်းဆိုလိုက်ကြောင်း သိရသည်။
ယင်းပို့(စ်)များသည် အဆက်အစပ်မရှိသည့် ပုံရိပ်များ သို့မဟုတ် ပုံအဟောင်းများကို အသုံးပြုထားသည့် သတင်းအမှားများ ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မဖြစ်ပွားရေး လမ်းညွှန်ချက်များနှင့် ပတ်သက်၍လည်း သတင်းအမှားများ ဖြန့်ဝေနေကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ANI သတင်းဌာနက ဖော်ပြထားသည်။
အိန္ဒိယ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၏ တောင်းဆိုချက်သည် ပြည်ထဲရေးဝန်ကြီးဌာနက အကြံပြု ထောက်ခံပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။
အိန္ဒိယတစ်နိုင်ငံလုံးအနေဖြင့် ကိုဗစ်-၁၉ ရောဂါကို သတ္တိရှိရှိနှင့် နည်းမှန်လမ်းမှန်ခုခံနေချိန်တွင် လူအများက လူမှုမီဒီယာကို တလွဲအသုံးပြုပြီး လူများစွာကို အထိတ်တလန့်ဖြစ်စေရန် လုပ်ဆောင်နေကြောင်း အဆိုပါ ဝန်ကြီးဌာနက ဆက်ပြောသည်။
အိန္ဒိယအစိုးရကလည်း လူမှုကွန်ရက်များတွင် သတင်းအမှားများ ဖြန့်ပြီး ထိတ်လန့်မှုဖြစ်ပေါ်စေရန် လုပ်ဆောင်နေမှုကို အပြစ်တင် ဝေဖန်ထားသည်။
ထို့ပြင် ပြည်တွင်းထုတ် ကိုဗစ်ကာကွယ်ဆေးအပေါ် ကောလာဟလများ ဖြန့်ဝေမှုနှင့် ပတ်သက်၍လည်း အပြစ်တင် ဝေဖန်ထားသည်။
ယခုနှစ်အစောပိုင်းကလည်း သံသယရှိ သည့်အကောင့် ၅ဝဝ ခန့်ကိုဖြုတ်ချပေးရန် အိန္ဒိယအစိုးရ၏ တောင်းဆိုချက်ကို လိုက်နာခြင်းမရှိသည့် တွစ်တာ လူမှုကွန်ရက် ကုမ္ပဏီကို သတိပေးပြီး သဘောတူညီမှု ရယူခဲ့ကြောင်း သိရသည်။