ကိုဗစ်-၁၉ ရောဂါအတွက် သုတေသနပြုသင့်သော ဆေးပင်တစ်ပင်

ကိုဗစ်အတွက် ဆေးပင်တွေရှာနေချိန်တွင် အစွမ်းထက်ဆေးပင်တစ်ပင်ကိုသတိရမိသည်။ စာရေးသူတို့ငယ်စဉ် တိုင်းရင်းဆေးသိပ္ပံ ကျောင်း (မန္တလေးတောင်ခြေ)တွင်  တိုင်းရင်းဆေးပညာ ဒီပလိုမာသင်တန်းတက်စဉ်က ပရဆေးပင်များ၏ ဆေးပစ္စည်း အာနိသင် လေ့လာသည့် သင်ခန်းစာတွင်သင်ကြားရသောဆေးပင်ဖြစ်သည်။ ထိုဆေးပင်မှာ ရှားပါးသော်လည်း မြန်မာပြည်တွင် ပေါက်ရောက် သောဆေးပင်တစ်မျိုးဖြစ်သည်။

ထိုအစွမ်းထက်ဆေးပင်မှာ ‘ချေးသီးပင်’ ဖြစ်သည်။ ထိုအပင်သည် အဆိပ်ရှိသောအပင်မျိုးဖြစ်သည်။ ‘အဆိပ်ပင်လော၊  ဆေးပင် လော။’

အဆိပ်ရှိသောအပင်များသည်  ဆေးစွမ်းထက်သောအပင်များဖြစ်နိုင်သည်ဟု ဆေးပညာဥပဒေသကဆိုသည်။

သင်ကြားပေးသောဆရာကြီးများက ‘ဒီအပင်ဟာ အစွမ်းထက်တယ်။ နူနာပိုး တောင်သေစေနိုင်တဲ့ အစွမ်းထက်ဆေးပင် ဖြစ်တယ်’ ဟုဆိုသည်။ နောက်ပိုင်းတွင် အနောက်တိုင်းဆေးဝါးထုတ်လုပ်မှုများကို လေ့လာကြည့်သောအခါ သဘာဝအပင်များမှ ဆေးအဖြစ် အသုံးပြုသောအခါ ရောဂါပျောက်ကင်းမှုကိုကြည့်ပြီးမှ ဓာတ်ခွဲသုတေသနပြုထုတ်လုပ်သည်ကိုတွေ့ရသည်။ 

ဥပမာ ..အကိုက်အခဲပျောက်ဆေး အက်စပရင်ကို ‘စင်ကိုနာ’ ပင်အခေါက်မှထုတ်လုပ်သကဲ့သို့ တရုတ်တိုင်းရင်းဆေးတွင် ‘ဆေးခါးကြီးပင်’မှ ‘ကီးမို့’အရောင်ကျဆေးကို ထုတ်လုပ်သည်ကို တွေ့ရသည်။ 

Leprosy ခေါ် အနူရောဂါအတွက် ဆေးကို ]ချေးသီး}နှင့် ‘ကလောသီး’မှထုတ်ယူရန် အစပိုင်းတွင် သုတေသနပြုခဲ့ကြောင်း  တွေ့ရ သည်။ ထိုဆေးနည်းမှာ အိန္ဒိယ ‘အာယုဗေဒ’ ဆေးပညာမီလာသော နည်းဖြစ်သည်ကို တွေ့ရသည်။ ထိုဆေးဖြင့်ပင် အနာကြီး ရောဂါမှာ ပျောက်ကင်းသလောက်ဖြစ်ခဲ့ ပြီဖြစ်သည်။

ချေးသီးသည် အဆိပ်ပင်ဖြစ်သော်လည်း ပိုးကိုအလွန်နိုင်သော ဆေးပင်ဖြစ်သည်ဟု အာယုဗေဒ ဆေးကျမ်းများကဆိုသည်။ သုတေသီများ စိတ်ဝင်စားလျှင် လမ်းစဖြစ်ပါသည်။

ရုက္ခဗေဒရှုထောင့်မှ ချေးသီးပင်အကြောင်း  လေ့လာကြည့်သောအခါ အောက်ပါအတိုင်းတွေ့ရပါသည်။

ချေးသီး

အင်္ဂလိပ်အမည် - Marking Nut Tree

မျိုးရင်း - Anacardiaceae

ရုက္ခဗေဒအမည် - Semecarpus Anacardium

အဓိကဆေးဖက်ဝင်ပုံ

ပိုးရောဂါ၊ အနာပေါက်၊ နူနာရောဂါ၊ ချောင်းဆိုးရောဂါ၊ သလိပ်ကပ်ရောဂါ၊ အဆစ်ရောင်ရောဂါ၊ လျှာနက်ရောဂါ၊ ယားနာ၊ ပွေးနာများ အတွက် အသုံးပြုသည်။

ပေါက်ရောက်သည့်ဒေသ

မူလဇာတိမှာ အိန္ဒိယနိုင်ငံမှဖြစ်သည်။  ဟိမဝန္တာတောင်တန်းဒေသမှ အိန္ဒိယနိုင်ငံ၏ အရှေ့တောင်ဘက် ကော်ရိုမန်ဒယ် ကမ်းရိုးတန်း ဒေသအထိ ပေါက်ရောက်သည်။ မြန်မာနိုင်ငံတွင် ချေးသီးပင်ကို အမြဲစိမ်းသစ်တောများ၌ သဘာဝအလျောက် ပေါက်ရောက်သည် ကို တွေ့ရသည်။

ဆေးဖက်ဝင်အစိတ်အပိုင်း

အသီးနှင့်အစေ့ကို ဆေးဖက်ဝင်အဖြစ် အသုံးပြုသည်။

အပင်ပုံသဏ္ဌာန်

ချေးသီးပင်သည် ရွက် ကြွေအပင်ကြီးမျိုးဖြစ်၍ အမြင့်ပေ ၈၀ အထိမြင့်သည်။ လုံးပတ် ၉ ပေခန့်အထိရှိသည်။ အခေါက် ၁ လက်မခန့်ထူ၍ အညိုရောင်ရှိသည်။ ကိုင်းဖြာသည်။ အကိုင်းနုထိပ်ပိုင်းတွင် အစိမ်းရောင်ပေါ်၌ အဖြူရောင်အလျားလိုက် အစင်းလေးများရှိ၏။ အရွက်မှာ ၉ လက်မမှ ၁၈ လက်မအထိရှည်၏။ အရွက်ထိပ်ဖျားသည်ဝိုင်း၏။ အသီး၏ ညှာတံမှာ တုတ်၍  သီဟိုဠ်သရက်သီးများကဲ့သို့ တွဲလောင်းသီးသည်။ မှည့်သော အခါအသီးမှာ အဝါရောင်သန်း၏။ အစေ့မှာ အနက်ရောင်ဖြစ်လာ၏။ မှည့်သောအခါ အသီးမှအရည်သည် အစေ့ထဲသို့ ဝင်သွားပြီး အပေါ်မှာရှိသောအသီးသည် ဦးထုပ်ကဲ့သို့ အစေ့ကို ပြန်ဖုံးအုပ်၍ ခြောက်သွားပြီး အစေ့တွင်ကပ်နေ၏။ ၎င်းင်းကိုပင် ချေးသီးဟု ခေါ်ဝေါ်သုံးစွဲကြ၏။

ဆေးကျမ်းများအဆို

ချေးသီး၏ဂုဏ်နှင့်စွမ်းရည်မှာ အသီးသည် ကြေကျက်လွယ်၏။ ပြေပြစ်၏။ သက်၏။ မလတို့ကို ဖြိုခွဲတတ်၏။ ပညာကိုဖြစ်စေ၏။ ဖောက်ခွဲတတ်သောဂုဏ်ရှိ၏။ သလိပ်နှင့် လေဒေါသကိုနိုင်၏။ ၎င်းအပြင် အနာပေါက်၊ ဝမ်းဗိုက်၊ နူနာ၊ မြင်းသရိုက်၊ ဝမ်းအောင့်၊ ဂူလုံး၊ ဖောရောင်၊ ဝမ်းရောင်၊ အဖျား၊ ပိုးရောဂါ စသည်တို့ကို ပျောက်ကင်းစေ၏။ အသီးစိမ်းသည် ပြေပြစ်၏။ သွားကိုခိုင်စေ၏။ ပိုးနှင့် မြင်းသရိုက်ရောဂါကို ပျောက်ကင်းစေ၏။ အပင်သည်  ကြေလွယ်၏။ လေသလိပ်ကို နိုင်၏။ အသီးမှည့်သည် တိတ္တမည်သော နူနာရောဂါကို ပျောက်ကင်းစေ၏။ အသီးခွံသည် အသီးမှည့်နှင့်တူ၏။ အသီးဆန်သည် ဝဖြိုးစေ၏။ နှုတ်မမြိန်ရောဂါနှင့် အပူနာကို ပယ်တတ်၏။ အသီးညှာသည် သည်းခြေကို ဖြစ်စေ၏။ ဆံပင်ကို အကျိုးပြု၏။ ရေချေးသီးဟုလည်း တစ်မျိုးရှိသည်။ ထိုအသီးသည်  ဖန်၊ ခါး၊ ချို၏။ အေး၏။ ချုပ်၏။ လေကို ပြုတတ်၏။ သည်းခြေ၊ သလိပ်ကိုနိုင်၏။ ရတ္တပိတ်၊ အနာပေါက်တို့ကို ပျောက်ကင်းစေ၏။

ဆေးဖက်ဝင်အသုံးပြုပုံများ

၁။ ပိုးကြောင့်ဖြစ်သော ရောဂါအမျိုးမျိုးကို ကုသရာတွင် ဒိန်ချဉ် သို့မဟုတ် မန်ကျည်းမှည့်ရည်နှင့် ရော၍သောက်ခဲ့သော် ပိုးရောဂါကို နိုင်သည်။ ၎င်းအပြင် ချေးသီးကို နွားနို့နှင့်ချက်၍သောက်လျှင် ပိုးကြောင့်ဖြစ်သောရောဂါများ ပျောက်ကင်းစေနိုင်သည်။

၂။ အနာပေါက်ရောဂါကုသရာတွင်  ချေးသီးကို ထုံးနှင့်ရောကြိတ်၍ ပြည်မပေါက်သောအနာပေါ်၌ အုံပေးသော် အနာပြည်ပေါက်၍ ပျောက်ကင်းချမ်းသာစေသည်။

၃။ ချောင်းဆိုးရောဂါဖြစ်လျှင်  ချေးသီးကို  မီးကင်၍ ထွက်လာသောအဆီကို သုံးစက်မျှ  နွားနို့တစ်ဖန်ခွက်နှင့်ရော၍သောက်သော် ချောင်းဆိုးရောဂါပျောက်ကင်း၏။

၄။ ကလေးများ ရင်ကျပ်၊ သလိပ်ကပ်ခြင်း၊ ချောင်းဆိုးခြင်းများဖြစ်သောအခါ ချေးသီးအဆီနှစ်စက်ကို အစာနှင့်ရော၍ နံနက်၊ ည တိုက်ခဲ့သော် ထိုရောဂါများ ပျောက်ကင်းစေနိုင်သည်။

၅။ အဆစ်ရောင်ရောဂါဖြစ်လျှင် အဆစ်အမျက်ရောင်ရမ်းသောနေရာ၌ ချေးသီးကို ကြိတ်၍အုံပေးပါက ထိုရောဂါမှ သက်သာ ပျောက်ကင်းစေနိုင်သည်။

၆။ လျှာနက်ရောဂါဖြစ်လျှင် ဆီဦး(မခန်း)တွင် ချေးသီးအနည်းငယ်ထည့်ချက်၍ လျှာကိုပွတ်ပေးသော် လျှာနက်သော ရောဂါ ပျောက်ကင်း၏။

၇။ တုလာသရောရောဂါ(ဆီးသွားများသောရောဂါ)ဖြစ်လျှင် နွားနို့စစ်စစ်နှင့်ချေးသီးကို ရောပြုတ်၍ တိုက်ကျွေးလျှင် သက်သာ ပျောက်ကင်းစေနိုင်သည်။

၈။ ယားနာဖြစ်လျှင်၊ ခြေကွဲနာဖြစ်လျှင် ချေးသီးကို အင်တွဲနှင့်ရော၍ နှမ်းဆီဖြင့်ချက်ပြီး ယားနာနှင့် ခြေကွဲနာတို့ကို လိမ်းပေးလျှင် ပျောက်ကင်းစေနိုင်သည်။

၉။ ပွေးပေါက်လျှင် ချေးသီးကို နှမ်းဆီဖြင့်သွေး၍ လိမ်းပေးပါက သွေးနာများကွာကျ ပျောက်ကင်းသည်။

၁၀။ အဆစ်ရောင်လေးဖက်နာဖြစ်လျှင်  ချေးသီး၊ ကုလားပဲလှော်၊ အုန်းသီးအဆန်၊ ထန်းလျက်နှင့် ထောပတ်တို့ကို အလေးချိန် ဆတူယူ၍ကြိတ်ပါ။ အလေးချိန်တစ်လုံးလျှင် သုံးကျပ်ရှစ်ပဲသားခန့်လုံး၍ တစ်နေ့လျှင် ဆေးလုံးတစ်လုံးကို သုံးကြိမ်ခွဲပြီးစားခဲ့သော်  အဆစ်ရောင်နာနှင့် သွက်ချာပါဒရောဂါများ ပျောက်ကင်းစေနိုင်သည်။မှတ်ချက်ချေးသီးသည် အဆိပ်မျိုးတွင်ပါဝင်၏။ ချေးသီးကို အရမ်းမဲ့အသုံးမပြုဘဲ နည်းစနစ်ကျနစွာ သုတ်သင်ပြီးမှသာ အသုံးပြုသင့်ကြောင်း ရှေးဆရာကြီးများ မိန့်သည်။

ချေးသီးသုတ်သင်ပုံ(သန့်စင်ပုံ)

 ကောင်းစွာမှည့်သော  ချေးသီးတို့ကို (၇)ရက် နွားကျင်ငယ်ရည်နှင့်စိမ်ပါ။ ထို့နောက် (၇)ရက် နွားနို့နှင့်စိမ်ပါ။ ထို့နောက် အုတ်မှုန့်နှင့်  ပွတ်တိုက်ပါ။ ထို့နောက် ရေဖြင့်ဆေး၍ အခြောက်လှန်းပါ။ ဤနည်းဖြင့် သုဒ္ဓပြုပြီးသော ချေးသီး၏ ထိပ်သီးကလေးများကို  ကွမ်း ညှပ်နှင့်ညှပ်လျက်ဆေးတွင်အသုံးပြုပါ။ ဤနည်းမှာ မြန်မာ့အာယုဗေဒနည်း(အရှင်နာဂသိန်ပုံပြဆေးအဘိဓာန်)ဖြင့် ချေးသီး သုတ်သင်ပုံဖြစ်သည်။ ချေးသီးကို ကိုင်တွယ်ရာ၌ ၎င်း၏အငွေ့သင့်ရုံဖြင့် ဖူးရောင်လာတတ်သည်။ ချေးသီးကို ထောင်းသောအခါ အစက်များလူပေါ်တွင် အနည်းငယ်ကျရုံဖြင့် ယားတတ်၊ ရောင်တတ်၊ အနာစက်များဖြစ်တတ်သည်။ ၎င်းကို ပရဆေးသမားများက  ချေးသီးစက်သည်ဟုခေါ်၏။

ဖြေဖျောက်ရန် နည်းလမ်းမှာ နှမ်းကို ညက်အောင်ကြိတ်၍ မြေနက်နှင့်ရော၍လိမ်းပါ။ (တစ်နည်း)  ဆီဦး(မခန်း)နှင့် နှမ်းနက်ကို ကြိတ်၍လိမ်းပါ။  (တစ်နည်း) အုန်းဆီနှင့်   သစ်စိမ့်ဆန်ကိုကြိတ်၍လိမ်းပါ။

 

ကြည်လွင်မြင့်(မုဒြာ)