ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းအား အီလက်ထရွန်နစ် မှတ်ပုံတင်ခြင်း စနစ်ဖြင့် ဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းအား အီလက်ထရွန်နစ် မှတ်ပုံတင်ခြင်း စနစ်ဖြင့် ဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဇူလိုင် ၂၁

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်း စနစ်တကျဆောင်ရွက်နိုင်ရန် အီလက်ထရွန်နစ် မှတ်ပုံတင်ခြင်းစနစ်ဖြင့် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင် ၁၆ ရက်နှင့် ၂၀ ရက်တို့တွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးပထမနေ့၌ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင်  မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားခြင်းကို ထိန်းချုပ်နိုင်ရန်နှင့် ကူးစက်မှု ပြတ်တောက်စေရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဆောင်ရွက် လျက်ရှိကြောင်း၊  ကာကွယ်ဆေးထိုးနှံပြီး သည့်လူဦးရေ ၁ ဒသမ ၇၅သန်းအား အီလက် ထရွန်နစ်စနစ်သုံး Vaccine Management Information System သို့ ထည့်သွင်းထား ရှိရမည်ဖြစ်ပြီး ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးသူများ နောက်တစ်ကြိမ် ထပ်မံ မထိုးနှံရေး ဂရုစိုက်သွားရမည်ဖြစ်ကြောင်း၊ ရရှိလာမည့် ကာကွယ်ဆေးများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ခြင်း၊ ကူးစက်မှုဖြတ်တောက်ခြင်းနှင့် ရောဂါကြောင့် သေဆုံးမှုလျှော့ ချခြင်း တို့အတွက် အကျိုးရှိစွာ အသုံးပြုရမည်ဖြစ်ကြောင်း၊  ကာကွယ်ဆေးထိုးနှံပေးရန် အတွက် ဦးစားပေးအုပ်စုများ သတ်မှတ်ထားပြီးဖြစ်ကြောင်း၊ အဆိုပါဦးစားပေးအုပ်စု အလိုက် ကာကွယ်ဆေးထိုးနှံနိုင်ရန်အတွက် အီလက်ထရွန်နစ်နည်းပညာကိုအသုံးပြု၍  အချက်အလက်ကောက်ယူခြင်း၊ ကာကွယ်ဆေး ထိုးမှတ်တမ်းကတ်ပြားထုတ်ပေးခြင်း၊ ဆေးထိုးစုရပ်တွင် Mobile Tablet များအသုံးပြု၍ မှတ်တမ်းကတ်ပြားကို Scan ပြုလုပ်ခြင်း၊ ကာကွယ်ဆေးပထမအကြိမ်နှင့် ဒုတိယအကြိမ် ထိုးနှံခြင်းများကို နည်းပညာ အသုံးပြု၍  စနစ်တကျစာရင်းသွင်းခြင်းတို့ကို ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တပ်မတော်မှနည်းပညာဆိုင်ရာ တာဝန်ရှိသူများမှ ကူညီဆောင်ရွက် ပေးမည်ဖြစ်သောကြောင့် ကျေးဇူးတင်ရှိကြောင်း၊ ကာကွယ်ဆေးထိုးနှံပေးရမည့် ဦးစားပေး အုပ်စုအလိုက် စနစ်တကျစာရင်းကောက်ခံနိုင်ရန်နှင့် ကောက်ခံထားသည့် စာရင်းပေါ်မူတည်၍ မြို့နယ်အသီသီးရှိ ဆေးထိုးစုရပ်များတွင် ကာကွယ်ဆေးထိုးခြင်း လုပ်ငန်း စနစ်တကျဆောင်ရွက်နိုင်ရန် အီလက်ထရွန် နစ်မှတ်ပုံတင်ခြင်းစနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံရမည့်သူများ ဆေးထိုးရမည့် ရက်ချိန်း မတိုင်မီ ကြိုတင်၍ QR code ပါဝင်သော ဆေးထိုးမှတ်တမ်း ကတ်ပြားများ ဆေးထိုးစုရပ် အလိုက် ကြိုတင်ဝေငှပေးသွားနိုင်ရေးနှင့် အသုံးပြုသူလွယ်ကူစေရေး၊ အချိန်ကုန် သက်သာစေရေးတို့ကိုပါ ထည့်သွင်းစဉ်းစား  ဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။

ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အီလက်ထရွန်နစ် နည်းပညာသုံး ကာကွယ်ဆေးထိုး မှတ်တမ်းကတ်ပြားအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို  ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက ရှင်းလင်းတင်ပြပြီး နည်းပညာပိုင်းဆိုင်ရာ လုပ်ငန်းများကို ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တိုးချဲ့ ကာကွယ် ဆေးထိုးလုပ်ငန်း စီမံချက်မန်နေဂျာတို့မှ ဆွေးနွေးတင်ပြကြသည်။  တပ်မတော်မှ နည်းပညာဆိုင်ရာ တာဝန်ရှိသူများမှ ကူညီပံ့ပိုးပေးနိုင်မည့်လုပ်ငန်းများ၊ ကိစ္စရပ်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ပြန်လည်ဆွေးနွေးခဲ့ကြပြီး အစည်းအဝေး ကိုရုပ်သိမ်းခဲ့သည်။

(သတင်းစဉ်)