ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ကွင်းဆင်း ထိုးနှံပေးလျက်ရှိ
ကယားပြည်နယ် ရှားတောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများအား ဒုတိယအသုတ် ပထမအကြိမ် ဆက်လက် ထိုးနှံပေးလျက်ရှိရာ စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းတွင် အလယ်ပိုင်းကျေးရွာအုပ်စု စလောင်းကျေးရွာ ဘုန်းကြီးကျောင်း၌ ကွင်းဆင်းထိုးနှံပေးသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကွင်းဆင်း ထိုးနှံခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်ကျော်က ဦးဆောင်ကြီးကြပ်၍ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့က ပူးပေါင်း၍ ကာကွယ်ဆေး လာရောက်ထိုးနှံသော ပြည်သူများအား သွေးပေါင်ချိန် တိုင်းတာခြင်း၊ ဆီးချိုသွေးချိုစသည့် ရောဂါများ စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပြီး ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးသည်။
ထိုသို့ကာကွယ်ဆေး ထိုးနှံပေးရာတွင် ရှားတောမြို့နယ် စလောင်းကျေးရွာ၊ ပန်လိုကျေးရွာနှင့် နားကျိုင်းကြီးကျေးရွာရှိ ပြည်သူများကို ထိုးနှံပေးနိုင်ခဲ့ပြီး ရှားတောမြို့နယ်တွင် စက်တင်ဘာ ၁၉ ရက်အထိ ကာကွယ်ဆေး ထိုးပြီးသူ စုစုပေါင်း ၁၉ဝ ဦး ရှိကြောင်း သိရသည်။