ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် ရန်ကုန်တိုင်း ဒေသကြီးအတွင်း အောက်ဆီဂျင်ဓာတ်ငွေ့များ တိုးမြှင့်ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိ

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် ရန်ကုန်တိုင်း ဒေသကြီးအတွင်း အောက်ဆီဂျင်ဓာတ်ငွေ့များ တိုးမြှင့်ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိ

နေပြည်တော်   ဇူလိုင်  ၂၁

ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အောက်ဆီဂျင် လိုအပ်ချက်များကို အထောက်အကူဖြစ် စေရန်အတွက် မြန်မာစီးပွားရေးကော်ပိုရေးရှင်း စက်ရုံများမှထုတ်လုပ်သော အောက်ဆီဂျင်ဓာတ်ငွေ့များအား သက်ဆိုင်ရာ နယ်မြေဒေသ အသီးသီးရှိ ဆေးရုံများနှင့် ကိုဗစ်ကုသရေးစင်တာများသို့ နေ့စဉ်ဖြန့်ဖြူး ပေးလျက်ရှိ ကြောင်း သတင်းရရှိသည်။

ယခုအခါ ကိုဗစ်-၁၉ ရောဂါကုသရေး လုပ်ငန်းစဉ်များတွင် အသုံးပြုရန်လိုအပ်သော အောက်ဆီဂျင်ဓာတ်ငွေ့များ တိုးမြှင့် ထုတ်လုပ်နိုင်ရေးအတွက် စက်ရုံအသီးသီးရှိ အောက်ဆီဂျင်ဓာတ်ငွေ့ထုတ်လုပ်နိုင်သော စက်များအား စွမ်းအားမြှင့်တင်ဆောင်ရွက် ခဲ့ရာ အောက်ဆီဂျင်နှင့် မီးသတ်ဆေးဘူး စက်ရုံ(မင်းဓမ္မ)၊ အမှတ်(၂)သံမဏိစက်ရုံ (မြောင်းတကာ)၊ အမှတ်(၃)သံမဏိစက်ရုံ (ရွာမ)၊ သင်္ဘောဖျက်စက်ရုံ(သီလဝါ)တို့မှ နေ့စဉ်အောက်ဆီဂျင် ၄၀ လီတာဝင်ဓာတ်ငွေ့ အိုး ၂၀၀၀ ခန့်နှင့် ဓာတ်ငွေ့စက်ရုံ(မန္တလေး) မှ နေ့စဉ် အောက်ဆီဂျင် ၄၀ လီတာဝင် ဓာတ်ငွေ့အိုး ၅၀၀ ခန့် ထုတ်လုပ်ပေးခဲ့ပြီး နေ့စဉ် အောက်ဆီဂျင်ကုဗပေ စုစုပေါင်း ၄၉၈၂၀၀၊ ၄၀ လီတာဝင် အောက်ဆီဂျင် ဓာတ်ငွေ့အိုး ၂၅၀၀ လုံးခန့်အား သက်ဆိုင်ရာ နယ်မြေဒေသအသီးသီးရှိ အောက်ဆီဂျင် လိုအပ်ချက် ရှိသော ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများနှင့် ကိုဗစ်ကုသရေး စင်တာများသို့ ပိတ်ရက်မရှိ နေ့စဉ် ၂၄ နာရီ ပတ်လုံး ဖြည့်သွင်းဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရှိရသည်။

ယခုအခါ အောက်ဆီဂျင်ဓာတ်ငွေ့ လိုအပ်ချက်  ထပ်မံဖြည့်ဆည်းပေးနိုင်ရန် ပြည်ပမှ မှာယူထားသော ၄၀ လီတာဝင် အောက်ဆီဂျင်အိုးအသစ် အလုံး ၅၀၀ မှာ အောက်ဆီဂျင်စက်ရုံ(မင်းဓမ္မ)သို့ ရောက်ရှိ ခဲ့ပြီးဖြစ်၍ ပြည်သူ့ဆေးရုံများ၊ ကိုဗစ်ကုသ ရေးစင်တာများနှင့်  ပုဂ္ဂလိကလိုအပ်ချက် များသို့ ပိုမိုတိုးမြှင့်ဖြန့်ဖြူးပေးလျက်ရှိကြောင်း သတင်းရရှိသည်။

အေးမင်း