ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အောက်ဆီဂျင်အိုး ၁ဝဝဝ လုံးအား ကျန်းမာရေး ဝန်ကြီးဌာနသို့ လှူဒါန်း
နေပြည်တော် သြဂုတ် ၁၁
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ချန်းရှိချင်းယန့်ကုမ္ပဏီ လီမိတက်မှ 40 Liter အောက်ဆီဂျင်အိုး ၁ဝဝဝ လုံးအား ကျန်းမာရေးဝန်ကြီးဌာနသို့ လှူဒါန်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ကျန်းမာရေး ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ချန်းရှိချင်းယန့် ကုမ္ပဏီ လီမိတက်မှ တာဝန်ရှိသူက လှူဒါန်းရခြင်း အကြောင်းရင်းကို ရှင်းလင်း ပြောကြားသည်။ ထို့နောက် ကျန်းမာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက ယခုလို ကိုဗစ်-၁၉ ရောဂါ ကုသရေးတွင် အရေးကြီးသည့် အောက်ဆီဂျင်အိုး အလုံး ၁ဝဝဝ အား ကျန်းမာရေးဝန်ကြီးဌာနသို့ လှူဒါန်းပေးသည့် အတွက် ဝန်ကြီးဌာနအနေဖြင့် ပြည်သူများကိုယ်စား ကျေးဇူးအထူးတင် ရှိပါကြောင်း၊ လက်ခံရရှိသည့် အောက်ဆီဂျင်အိုးများကို တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ကိုဗစ်-၁၉ ရောဂါ ကုသရေးဌာနများနှင့် ပြည်သူ့ဆေးရုံကြီးများသို့ အမြန်ဆုံး ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ကြောင်း သိရသည်။