ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အမြန်ရေယာဉ်၌ လိုက်ပါစီးနင်းမည့်ခရီးသည်များအား လူဦးရေကန့်သတ်၍ပြေးဆွဲမည်
ကျွန်းစု၊ လူမှုရေး
တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ရောဂါကူးစက် ပြန့်ပွားမှုအား တားဆီးထိန်းချုပ်နိုင်ရေးအတွက် ကျွန်းစု-မြိတ်သွား ခရီးသည်တင် အမြန်ရေယာဉ် တွင် ဇူလိုင် ၁၉ ရက်မှစ၍ လိုက်ပါစီးနင်းသူ ခရီးသည်များအား လူဦးရေကန့်သတ်၍ ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအမြန်ရေယာဉ်များသည် ကျွန်းစုမြို့မှ မြိတ်မြို့သို့ တစ်နေ့လျှင် ၂ ကြိမ် အမြန်ရေယာဉ်သုံးစင်းတို့မှ အလှည့်ကျပြေးဆွဲခုတ်မောင်းနေလျက်ရှိရာ ရေယာဉ်စီးနင်းခအဖြစ် ခရီးသည် ၁ ဦးလျှင် ငွေကျပ် ၁၆၀၀ (သူတစ်ပါးထိခိုက်မှု အာမခံကြေး ၁၀၀ ကျပ်အပါအဝင်) ကောက်ခံကာ ခရီးစဉ်တစ်ကြောင်းလျှင် ခရီးသည် အနည်းဆုံး ၁၀၀ ဦးခန့်မှ အများဆုံး ၂၀၀ ဦးခန့်အထိ လိုက်ပါစီးနင်းလျက်ရှိသည်။
ထိုသို့ စီးနင်းရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် အမြန်ရေယာဉ်၌ လိုက်ပါစီးနင်းမည့်ခရီးသည်များအား လူဦးရေကန့်သတ်၍ ပြေးဆွဲသွားမည်ဖြစ်ကာ အမြန်ရေယာဉ်တစ်ခေါက်လျှင်လိုက်ပါနိုင်သည့် လူဦးရေအား ၅၀ ဦး သတ်မှတ်၍ ထိုင်ခုံ ၁ တန်းလျှင် လူ ၁ ဦးသာထိုင်စေပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးလမ်းညွှန်ချက်များနှင့် အညီ လိုက်ပါစီးနင်းစေ၍ အမြန်ရေယာဉ်စီးနင်းခအား ယခင် လူတစ်ဦးလျှင် ငွေကျပ် ၁၆၀၀ ကောက်ခံရာမှ လူတစ်ဦးလျှင် ငွေကျပ် ၃၀၀၀ နှုန်း (သူတစ်ပါးထိခိုက်မှု အာမခံကြေး ၁၀၀ ကျပ်အပါအဝင်)ဖြင့် တိုးမြှင့်ကောက်ခံသွားမည်ဖြစ်သည်။
အမြန်ရေယာဉ်တစ်စင်းတွင် လူဦးရေ ၅၀ ဦးထက်ကျော်လွန်၍ တင်ဆောင်မည်ဆိုပါက တာဝန်ရှိသူများက ဥပဒေအရ အရေးယူခြင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး ခရီးသည် ၅၀ ဦးပြည့်၍ ခရီးသည်များကျန်ရှိနေပါက အမြန်ရေယာဉ်တစ်စင်းမှ ခရီးသွားပြည်သူ ၅၀ ဦးပြည့်လျှင် ထပ်မံပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။