ကိုဗစ်-၁၉ ၏ကကြိုးများ

ကိုဗစ်-၁၉ ၏ကကြိုးများ

ကိုဗစ်-၁၉ ဆိုတဲ့ဗိုင်းရပ်ပိုးဟာ သူ့ကိုနာမည်ပေးထားတဲ့အတိုင်းပဲ သက္ကရာဇ် ၂၀၁၉ ဒီဇင်ဘာလကုန်ကတည်းက တစ်ကမ္ဘာလုံးကို ဒုက္ခပေးလာတာ အခုဆိုရင်တစ်နှစ်ခွဲလောက်ရှိပါပြီ။ ကမ္ဘာ့အရှေ့ပိုင်းမှာရှိတဲ့ နိုင်ငံတွေကို နှောင့်ယှက်လိုက်၊ လူတွေအစုလိုက်အပြုံလိုက်ရောဂါဖြစ်ကြ၊  အသက်ဆုံးရှုံးကြဖြစ်ပြီးတစ်ခါ ဒီပိုးကငြိမ်သွားသလိုဖြစ်လိုက် ပြီးရင် ကမ္ဘာ့အနောက်ပိုင်းမှာရှိတဲ့ နိုင်ငံတွေကိုသွားပြီး အန္တရာယ်ပေးလိုက်၊ ငြိမ်သွားသလိုဖြစ်လိုက်နဲ့ပဲပေါ့။ ဒီပိုးပေါ်လာပြီး တစ်ခါ လူတွေအများကြီးဖြစ်ကြတာကိုပဲပင်လယ်ရေလှိုင်းနဲ့တင်စားပြီး ခေါ်လာကြတာပေါ့။

ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်းစသဖြင့်ပေါ့လေ။အခုဆိုရင် ကျွန်မတို့တိုင်းပြည်မှာ ဇွန်လကတည်းကစဖြစ်နေတာကို  တတိယလှိုင်းလို့ပြောကြပါတယ်။ပါကစ္စတန်နိုင်ငံမှာဆိုရင် စတုတ္ထလှိုင်းစနေပါပြီ။လူသားတွေကလည်း ဒီပိုးကိုကာကွယ်ဖို့နည်းလမ်းတွေ အမျိုးမျိုးလုပ်ကြတာပေါ့လေ။   ကာကွယ်ဆေးထိုးတာလည်းပါတာပေါ့။ ဒီကိုဗစ်-၁၉ ဗိုင်းရပ်ပိုးကလည်း တော်တော်ကိုပဲ  အိုင်ကျူရော အီးကျူရောမြင့်တယ်လို့ ပြောလို့ရပါတယ်။ သူက မျိုးရိုးဗီဇတွေအမျိုးမျိုးပြောင်းနေတာလေ။ ဒီအုပ်စုတွေနာမည်တွေကတော့ ကျွန်မတို့မြန်မာလူမျိုးမှာ သီတာတို့နီလာတို့လိုနာမည်မျိုးပါပဲ။   အာလ်ဖာ၊  ဘီတာ၊ဒယ်လ်တာ၊ ဂါမာ၊ ကပ်ပါ၊ (ALPHA, BETA,
DELTA, GAMA, KAPPA) ဆိုတဲ့နာမည်တွေပေါ့။ နောက်လလောက်ဆိုရင်ကိုပဲ။ နောက်ထပ်အုပ်စုအသစ်တွေထပ်တွေ့ဦးမှာ။

ဒီလိုမျိုးရိုးဗီဇပြောင်းတဲ့ အုပ်စုအမျိုးမျိုးဖြစ်သလိုအုပ်စုတစ်ခုချင်းစီရဲ့ အစွမ်းသတ္တိဟာလည်း ကွာခြားပါတယ်။ဒီအုပ်စုအမျိုးမျိုးထဲက အခုအချိန်မှာ ထိပ်ဆုံးမှာ နာမည်အကြီးဆုံးကတော့ ဒယ်လ်တာ (DELTA)ပါပဲ။ သူ့ကို အိန္ဒိယအုပ်စု (INDIAN VARIANI) လို့လည်းခေါ်ပါတယ်။ အိန္ဒိယနိုင်ငံမှာစတွေ့လို့ နာမည်ပေးတာလေ။ သူက ကိုဗစ်ကာကွယ်ဆေးထိုးပြီးသားလူတွေမှာတောင် ဖြစ်နိုင်တယ်တဲ့လေ။ မြန်မာလိုပြောရင်တော့ အခုလက်ရှိ ကာကွယ်ဆေးတွေကိုဒယ်လ်တာက မဖြုံဘူးပေါ့။ ပြီးတော့ ဒယ်လ်တာသာကျွန်မတို့ကူးမိမယ်ဆိုရင် လေးရက်အတွင်း ကိုဗစ်ရောဂါဖြစ်မယ်တဲ့။ ၂၀၁၉ တုန်းကစတဲ့ မူရင်းကိုဗစ်ပိုးဆိုရင် သူ့ကိုကူးမိရင် ရက်သတ္တပတ် တစ်ပတ်မှကိုဗစ်ရောဂါဖြစ်တာလေ။ အဲတော့ ကူးစက်နှုန်းမြန်တာပေါ့။ ကူးစက်နှုန်းမြန်စေတဲ့ နောက်ထပ်အကြောင်းတရားတစ်ခုကတော့ ဒယ်လ်တာဟာ ကျွန်မတို့ရဲ့နှာခေါင်းနဲ့ အသက်ရှူလမ်းကြောင်းမှာနေတဲ့ ဒယ်လ်တာပိုးအရေအတွက်ဟာ အလွန်များတယ်လို့ဆိုပါတယ်။မူရင်းကိုဗစ်ထက်ကို အဆတစ်ထောင်လောက်ရှိတယ်လို့ဆိုပါတယ်။

ဒီလိုမျိုး လူတစ်ဦးနဲ့တစ်ဦး ရောဂါကူးစက်နှုန်းမြန်တာရယ်။ အချိန်တိုကာလလေးရက်အတွင်းမှာရောဂါလက္ခဏာပြတာတွေကိုကြည့်ရင်  ကျွန်မတို့တိုင်းပြည်မှာ ယခုဖြစ်နေကြတာ ဒယ်လ်တာအုပ်စုလားလို့ စဉ်းစားမိပါတယ်။ ဒီကိစ္စကိုလည်း ကျွန်မတို့သုတေသီတွေက   အမြန်ဆုံးဖော်ထုတ်နိုင်ဖို့ကြိုးစားနေပါတယ်။အခြားတိုင်းပြည်တွေရဲ့ အတွေ့အကြုံအရဆိုရင်ဒီဒယ်လ်တာအုပ်စုကြောင့်ဖြစ်တဲ့ ရောဂါလက္ခဏာတွေကတော့ ဖော်ပြပါအတိုင်းဖြစ်ပါတယ်။
ဒယ်လ်တာရဲ့လက္ခဏာတွေက ရာသီတုပ်ကွေးလက္ခဏာတွေအတိုင်းဖြစ်ပါတယ်။ နှာချေမယ်၊ နှာရည်ယိုမယ်၊ ကိုက်ခဲမယ်ပေါ့။ ဒါကြောင့် ယခုအချိန်မှာကတိုးနှာရှူဆေးမရှူဘဲ အကြောင်းမရှိဘဲ နှာချေမယ်၊အအေးမိတဲ့အခြေအနေ  သိသိသာသာမဟုတ်ဘဲနှာရည်ယိုမယ်ဆိုရင်  ရာသီတုပ်ကွေးမဟုတ်ပါ။ ကိုဗစ်-၁၉ ရဲ့ ဒယ်လ်တာပဲဖြစ်ပါတယ်။ ဒီလိုဆိုရင် မေးစရာရှိတာက ယခင်ကကျွန်မတို့သိကြတဲ့ အနံ့ပျောက်တာ၊အမောဖောက်တာ၊ ဖျားနာတာ၊ အဆက်မပြတ်ချောင်းဆိုးတာတွေရောမဖြစ်တော့ဘူးလား။ ဖြစ်တာပေါ့။

ဒါပေမဲ့ ဒယ်လ်တာရဲ့ထူးခြားချက်က ရာသီတုပ်ကွေးနဲ့တော်တော်တူတယ်ဆိုတာပြောချင်တာပါ။ ဒီလိုမျိုးယခုလက်ရှိကိုဗစ်ကာကွယ်ဆေးတွေကို အောင်မြင်စွာကျော်လွှားပြီး လူသားတွေကို အလွန်ကူးစက်မြန်ပြီး ရာသီတုပ်ကွေးနဲ့ ပုံမှားရိုက်နေတဲ့ ဒယ်လ်တာအုပ်စုကို တစ်ကမ္ဘာလုံးက အလွန်ကိုစိုးရိမ်ပူပန်နေပါတယ်။ဒယ်လ်တာကိုကာကွယ်နိုင်မယ့် ကိုဗစ်ကာကွယ်ဆေးအမျိုးအစားအသစ်ထုတ်လုပ်ဖို့လည်း သိပ္ပံပညာရှင်တွေက ကြိုးပမ်းနေကြပါတယ်။ နောက်ထပ်ပြောပြချင်တာကတော့ ကိုဗစ်ကာကွယ်ဆေးထိုးပြီးသားလူတွေမှာ ကိုဗစ်ရောဂါထပ်ဖြစ်ပြီဆိုရင် အများဆုံးဖြစ်ကြတဲ့ ရောဂါလက္ခဏာလေးခုပါပဲ။ ဒီမှာတော့ တွေ့ရှိတဲ့ရောဂါလက္ခဏာကိုပဲပြောပြထားတာပါ။ ကိုဗစ်-၁၉ ရဲ့ဘယ်အုပ်စုကဖြစ်တယ်ဆိုတာကတော့ ဖော်ပြထားခြင်းမရှိပါဘူး။ အဲဒါတွေကတော့ ခေါင်းကိုက်ခြင်း၊ နှာစေးခြင်း၊ နှာချေခြင်းနဲ့ လည်ပင်းနာခြင်းပဲဖြစ်ပါတယ်။

ဥပမာ-ကိုဗစ်ကာကွယ်ဆေးထိုးပြီးသားသူတစ်ဦးဟာခေါင်းအရမ်းကိုက်ပြီဆိုရင် ကိုဗစ်ဖြစ်ပြီလို့ပြောလို့ရပါတယ်။ နှာစေးတာ၊ နှာချေတာလည်းအတူတူပါပဲ။လည်ပင်းနာတာကတော့ ယခင်က သိပ်ပြီးသတိမထားမိတဲ့လက္ခဏာပဲဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ပြောချင်တာကတော့  ယခုလတ်တလော ကျွန်မတို့တတိယလှိုင်းမှာ ထူးထူးခြားခြားတွေ့တဲ့ရောဂါလက္ခဏာတွေပါပဲ။ ပထမလှိုင်းတို့၊ဒုတိယလှိုင်းတို့မှာ သိပ်မသိသာပါဘူး။ အဲဒါတွေကတော့ ကိုယ်အပူချိန်အရမ်းများတာ၊ ဖျားနာတာရက်ရှည်တာ ရက်သတ္တပတ်ကျော်ပါတယ်။ ခေါင်းကိုက်တာ၊ ခြေလက်တွေအရမ်းကိုက်ပြီး  အိပ်ရာပေါ်မှာခွေနေလောက်အောင်ဖြစ်တာ၊  ယခင်ကသိကြတဲ့ဆင်တုပ်ကွေးနဲ့  သဏ္ဌာန်တူပါတယ်။ နောက်ပြီးပျို့တာ၊ အန်တာ၊ အစားအသောက်မစားချင်တာ၊ဝမ်းပျက်ဝမ်းလျှောဖြစ်တာ၊ ခန္ဓာကိုယ်မှာ အနီစက်လေးတွေပေါ်တာ၊ အနီအကွက်တွေပေါ်တာတွေပဲဖြစ်ပါတယ်။

ကျွန်မစိတ်ပူတာက ကျွန်မတို့လူမျိုးတွေက ဝမ်းပျက်ဝမ်းလျှောအမြဲဖြစ်လေ့ရှိတော့    ဒီလက္ခဏာကို ကိုဗစ်လို့မထင်မှာစိုးမိပါတယ်။ သွေးထဲမှာ အောက်ဆီဂျင်ပါနှုန်းကျတာကတော့ကျွန်မတို့ပြည်သူတွေ     အတော်ကိုပဲနားလည်နေပါပြီ။ လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်လောက်က ရှားရှားပါးပါးတွေ့ရတဲ့ အောက်ဆီဂျင်ပါနှုန်းတိုင်းတဲ့ ပစ္စည်းလေးတွေက အခုဆိုရင် လူတိုင်းနီးနီး အကျွမ်းတဝင်ရှိနေပါပြီ။ သွေးထဲမှာ အောက်ဆီဂျင်ပါနှုန်းများလာအောင် အောက်ဆီဂျင်ရှူရမယ်။ အရေးကြီးတယ်ဆိုတဲ့အသိတရားလည်း ပြည်သူတွေအားလုံးမှာရှိနေကြပါပြီ။ 

အိုင်ကျူ၊ အီးကျူအလွန်များတဲ့ ဒီကိုဗစ်-၁၉ ဗိုင်းရပ်နဲ့ ကျွန်မတို့လူသားတွေရဲ့ ဘတစ်ပြန်၊ ကျားတစ်ပြန်ဇာတ်လမ်းမှာ ကျွန်မတို့အမြဲတမ်းအသာစီးရအောင်ဘယ်လိုတွေများလုပ်ကြရမလဲလို့လည်း တွေးနေမိပါတယ်။ သူကလည်း နောက်ထပ်ပေါ်လာမယ့် ကိုဗစ်ကာကွယ်ဆေးအသစ်ကိုလည်း အနိုင်ယူအောင်လုပ်ဦးမှာလေ။ ဘယ်လိုပဲဖြစ်ဖြစ် အခုလောလောဆယ်ကိုဗစ်-၁၉ ရဲ့ ကကြိုးကကွက်တွေကိုတော့ အားလုံးသတိထားမိအောင်ရည်ရွယ်ပြီး ဒီဆောင်းပါးလေးကိုရေးလိုက်ခြင်းဖြစ်ပါတယ်။    ။