နေပြည်တော်၊ မတ် - ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ ပေါ်ဦးလမ်းရှိ သန်းလွင်ဦး နေအိမ်တွင် ဆူပူအကြမ်းဖက်မှုများ ပြုလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများ နှင့်အတူ ဖမ်းဆီးရမိခဲ့သည့် တရားခံ ၁၁ ဦး၏ သတင်းအား မတ် ၂၃ ရက်နေ့တွင် ထုတ်ပြန်ပြီး ဖြစ်ပါသည်။
အဆိုပါဖမ်းဆီးရမိသူများအား ပဏာမ စစ်ဆေးချက်အရ ကော့သောင်းမြို့အတွင်း ဆူပူဆန္ဒပြရာတွင် လူငယ်များ ပါဝင်လာစေရန်အတွက် လူစုခြင်း၊ ဆန္ဒပြမည့် နေရာသတ်မှတ်ခြင်း၊ ငွေကြေးအလှူခံခြင်းများအား "တပေါင်းစစ်ချီ ဒေါင်းစစ်သည် သောင်းချီတက်လိမ့်မည်" Messenger Group ဖြင့် မဉ္ဇူသိမ့်(ဘ)ဦးနိုင်ဝင်း HUAWEI ကုမ္ပဏီ Supervisor (ဖမ်းဆီးရမိသူ သန်းလွင်ဦး၏ ဇနီး)နှင့် လီရိုနွေဦး (LeoNwayOo) ကော့သောင်းမြို့၊ မြရည်ပုလဲ လမ်းနေသူတို့မှ ဆောင်ရွက်လျက် ရှိကြောင်း၊ ၎င်းတို့ ၂ ဦးမှ ဦးစီး၍ မတ် ၂၇ ရက်တွင် အကြမ်းဖက် တိုက်ခိုက်ရန် အဖွဲ့(၄)ဖွဲ့ ဖွဲ့စည်းထားရှိကြောင်း၊ အဖွဲ့(၁)ဖွဲ့လျှင် တိုက်ခိုက်ရေးသမား ၂၀ ဦးခန့်ဖြင့် ဖွဲ့ထားရှိပြီး အဖွဲ့(၁)အနေဖြင့် အေးရိမ်ငြိမ် ရပ်ကွက်တွင် မဉ္ဇူသိမ့် မှ ဦးဆောင်၍ လည်းကောင်း၊ အဖွဲ့(၂)အနေဖြင့် ရွှေပြည်သာရပ်ကွက်တွင် ထားဝယ်သား(အမည်၊ နေရပ်စိစစ်ဆဲ) ဦးဆောင်၍ လည်းကောင်း၊ အဖွဲ့(၃)အနေဖြင့် အောင်သုခရပ်ကွက်တွင် အမည် (စိစစ်ဆဲ) ဦးဆောင်၍ လည်းကောင်း၊ အဖွဲ့(၄)အနေဖြင့် သီရိမြိုင်ရပ်ကွက်တွင် အောင်ကိုကိုဦးနှင့် အောင်ကျော်ဖြိုး(နေရပ်စိစစ်ဆဲ)တို့ ဦးဆောင်၍ လည်းကောင်း ဖွဲ့စည်းထားကြောင်းနှင့် လီရိုနွေဦး နှင့် ကျော်ရဲထွဋ်(နေရပ်စိစစ်ဆဲ)တို့မှ ဦးဆောင်၍ ဒိုင်းကာအဖွဲ့ ၁၀ ဦး ဖွဲ့စည်း ထားရှိကြောင်း သိရှိသည်။
ထွက်ပြေးတိမ်းရှောင်လျက်ရှိသည့် မဉ္ဇူသိမ့်၊ လီရိုနွေဦး၊ ထားဝယ်သား၊ အောင်ကိုကိုဦး၊ အောင်ကျော်ဖြိုးနှင့် ကျော်ရဲထွဋ်(ဦးဆောင်လှုပ်ရှားသူ) တို့သည် ဆန္ဒဖော်ထုတ် ဆောင်ရွက်ခြင်းသာမက မတ် ၂၇ ရက်နှင့် ၎င်းနေ့ရက် မတိုင်မီရက်များတွင် အကြမ်းဖက် ဆောင်ရွက်နိုင်ရန် ဦးဆောင်လှုပ်ရှား ဆောင်ရွက်ခြင်း၊ အကြမ်းဖက်သုံး ပစ္စည်းများ ပြုလုပ်ဆောင်ရွက်နိုင်ရန် အလှူငွေများ ကောက်ခံသုံးစွဲ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပြီး ၎င်းတို့အား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် အမြန်ဆုံး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။