ကော့သောင်းမြို့၊ (၁၀)မိုင်ကျေးရွာရှိ ဆူပူအကြမ်းဖက်သူတစ်စုက ကျေးရွာအုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်နေသူအား ဓားဖြင့် ခုတ်သတ်မှုဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူတစ်ဦးအား ထပ်မံဖမ်းဆီးရမိ
နေပြည်တော်၊ မတ် - ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊(၁၀)မိုင်ကျေးရွာရှိ အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင် အား မတ် ၁၂ ရက် ည ၉ နာရီ ၃၅ မိနစ်ခန့်တွင် ဆူပူအကြမ်းဖက်သူတစ်စုက ဓားဖြင့် ဝင်ရောက်ခုတ်ခဲ့သဖြင့် သေဆုံးသွားခဲ့သည့်ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူ ၅ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့သည့်သတင်းအား မတ် ၁၅ ရက်တွင် ထုတ်ပြန်ပြီး ဖြစ်ပါသည်။
အလားတူ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပါဝင်ပတ်သက်သူများအား ထပ်မံဖမ်းဆီး ရမိရေး နေ့ညမပြတ် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ မတ် ၁၄ ရက် ညနေ ၄ နာရီ ၂၀ မိနစ်ခန့်တွင် အဆိုပါကျူးလွန်မှုတွင်ပါဝင်ခဲ့သူ (၁၀)မိုင်ကျေးရွာနေ မောင်ခင်မောင်(ဘ)ဦးလက်သစ် အား ကွက်သစ်ရပ်ကွက်အတွင်း၌ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
အဆိုပါဖမ်းဆီးရမိသူအား တရားဥပဒေအရအရေးယူနိုင်ရေးနှင့် ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ထပ်မံဖမ်းဆီးရမိရေး အပူတပြင်းကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။