ကော့သောင်းမြို့ ဆလုံကျွန်းအနီး ငါးသယ်လှေတစ်စင်း နစ်မြုပ်မှုဖြစ်ပွား ကော့သောင်းရေကြောင်း ရဲတပ်ဖွဲ့က ကယ်ဆယ်ကူညီ

ကော့သောင်း၊ လူမှုရေး

ကော့သောင်းမြို့ အက်ဒမန်ပင်လယ်ဆလုံကျွန်းအနီး ဖေဖော်ဝါရီ ၁၇ ရက်နံနက်ပိုင်းတွင် ငါးသယ်လှေတစ် စင်းနစ်မြုပ်မှုဖြစ်ပွားရာ ကော့သောင်းရေကြောင်း ရဲတပ်ဖွဲ့မှ အချိန်မီကူညီကယ်ဆယ်မှုများ ဆောင်ရွက်ပေး ကြောင်း သိရသည်။

ဖြစ်စဉ်မှာ တိုးတက်ဦး(၃)အမည်ရှိ ငါးသယ်လှေတစ်စင်းသည် ကော့သောင်းမြို့တွင် ငါးရောင်းချပြီး လှေလုပ် သားခြောက်ဦးဖြင့် ရေခဲများတင်ဆောင်ကာ ထွက်ခွာလာရာ ကော့သောင်းမြို့ အနောက်ဘက်အက်ဒမန် ပင်လယ် ဆလုံကျွန်းအနီးအရောက်တွင် ရေထဲတွင်မြုပ်နေသည့် ကျောက်ဆောင်အား တိုက်မိကာ ရေဝင်နစ်မြုပ်ခြင်းဖြစ်ရာ ပင်လယ်အတွင်း ကင်းလှည့်လျက်ရှိသည့် ကော့သောင်းရေကြောင်းရဲတပ်ဖွဲ့ ရဲရေ ယာဉ် ရဲမာန်အောင် ၃၃၄ နှင့် အချိန်မီသွားရောက်ကူညီကယ်ဆယ်မှုများ ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။

လှေနစ်မြုပ်မှုဖြစ်စဉ်နှင့် စပ်လျဉ်း၍ လှေပေါ်ပါ ပစ္စည်းတချို့ပျက်စီးဆုံးရှုံးခဲ့ရပြီး လှေလုပ်သားများအားလုံးကို အသက်အန္တရာယ်ဖြစ်ပေါ်မှုမရှိဘဲ ကူညီကယ်ဆယ်နိုင်ခဲ့ကြောင်း ပျက်စီးခဲ့သည့်လှေအား လွန်းတင်ပြင်ဆင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျော်စိုး(ကော့သောင်း)