ကော့သောင်းမှ ထိုင်းနိုင်ငံ ရနောင်းသို့ ရေထွက်ကုန်များ ပုံမှန်တင်ပို့လျက်ရှိ

ကော့သောင်း၊ ရေထွက်ကုန်

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်း ခရိုင်မှ ထိုင်းနိုင်ငံ ရနောင်းသို့ ရေထွက်ကုန် တင်ပို့မှုအနေဖြင့်  လက်ရှိတွင်  ပင်လယ် ငါးမဖမ်းရရာသီဖြစ်သော်လည်း ပုံမှန်တင်ပို့ လျက်ရှိကြောင်း  ကော့သောင်းခရိုင်  ငါး လုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏  ပြောပြချက်အရ သိရသည်။

‘‘ဇွန် ၂၁ ရက်က ကော့သောင်းကနေ ထိုင်းနိုင်ငံ   ရနောင်းကို  ရေထွက်ကုန် တန်ချိန် ၇၀ ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ဒီလိုငါးမဖမ်းရရာသီမှာတော့ တင်ပို့မှုနည်း တယ်။ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁ ရက်ကနေ ၂၀၂၁ ခုနှစ် ဇွန် ၂၁ ရက်အထိ ကုန်တန်ချိန် နှစ်သိန်းသုံးသောင်း ခန့်တင်ပို့ပြီး အမေရိကန်ဒေါ်လာ  ၁၉၁  ဒသမ  ၈၀၂ သန်းရရှိပြီးဖြစ်ပါတယ်။  ဇွန် ၂၁  ရက်က ငါးသယ်လှေ  ၁၀  စင်းနဲ့ ကုန်တန်ချိန်   ၇၀  ကျော်တင်ပို့ပြီး  အမေ ရိကန်ဒေါ်လာ  သုည  ဒသမ ၉၅၃ သန်း ရရှိပါတယ်’’ ဟု ၎င်းကပြောသည်။ ကော့သောင်းမှ ထိုင်းနိုင်ငံ ရနောင်းသို့ ရေထွက်ကုန်တင်ပို့မှုအနေဖြင့် ယခုဘဏ္ဍာ နှစ်၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁ ရက် မှ ၂၀၂၁ ခုနှစ်  ဇွန်လတတိယပတ်အထိ ရေထွက်ကုန်တန်ချိန် နှစ်သိန်းသုံးသောင်း ခန့်တင်ပို့နိုင်ခဲ့ပြီး လက်ရှိတွင်  ငါးမဖမ်းရရာသီဖြစ်သော ကြောင့် ကမ်းနီးလှေများ မှရရှိသည့် ရေထွက်ကုန်သာ တင်ပို့ရသည့် အတွက် တစ်ရက်လျှင် တန်ချိန် ၇၀ ကျော် သာတင်ပို့နိုင်ကြောင်း သိရသည်။ ငါးမဖမ်းရရာသီတွင် ကမ်းဝေးငါးဖမ်း လှေများကို   ရပ်နားထားရသည့်အတွက် ကမ်းနီးလှေများမှရရှိသည့် ငါး၊ ပုစွန်များကိုသာ ထိုင်းနိုင်ငံ ရနောင်းသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။