ကျစ်လျစ်ခိုင်မာအားကောင်းသည့် အသိုက်အဝန်းတစ်ခု

သတ္တမအကြိမ်မဟာမဲခေါင် ထိပ်သီးအစည်းအဝေး (7th Greater Mekong Subregion Summit) ကို ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်တာဝန်ယူကာ စက်တင်ဘာ ၉ ရက် နံနက်ပိုင်းတွင် Video Conference စနစ်ဖြင့်ကျင်းပခဲ့သည်။ ထိုအစည်းအဝေးသို့ မဟာမဲခေါင်ဒေသခွဲနိုင်ငံများဖြစ်သော ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ နိုင်ငံ့အကြီးအကဲများ တက်ရောက်ခဲ့ကြသည်။ ထိုအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်  မိန့်ခွန်းပြောကြားခဲ့သည်။

နိုင်ငံတော်အကြီးအကဲက ပြောကြားရာတွင် “မိမိတို့အားလုံးပူးပေါင်း၍ ဒေသတွင်းရှိပြည်သူအားလုံးအတွက် အကျိုးဖြစ်ထွန်းစေရေး ကြိုးပမ်းဆောင်ရွက်ရာတွင် ငြိမ်းချမ်းရေး၊ ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးရေးနှင့် အားလုံးပါဝင်နိုင်ရေးတို့ကို ဆက်လက်ဦးစားပေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် GMS အပြင် အာဆီယံနှင့်ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အပါအဝင်အခြားသော ဒေသတွင်းနှင့်ဒေသခွဲစီးပွားရေး ပေါင်းစည်းမှုများတွင်လည်း ကတိကဝတ်များကို ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း” ထည့်သွင်းပြောကြားခဲ့ပါသည်။

၁၉၉၂ ခုနှစ်မှစတင်ခဲ့သော မဟာမဲခေါင်ဒေသခွဲ  စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သည် ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှု ကိုမြှင့်တင်လုပ်ဆောင်ရာတွင် သိသာထင်ရှားသော အောင်မြင်မှုများရရှိခဲ့သည်။ “ခွန်အားသစ်များဖြင့် ဆယ်စုသစ်၏ စိန်ခေါ်မှုများ ကိုရင်ဆိုင်မည်” ဆိုသည့်ထိပ်သီးအစည်းအဝေးခေါင်းစဉ်သည် GMS ဒေသခွဲအတွက် လက်ရှိအချိန်နှင့်အကိုက်ညီဆုံး၊ အသင့်တော် ဆုံးပင်ဖြစ်သည်။ GMS မဟာဗျူဟာမူဘောင်(၂၀၁၂-၂၀၂၂) အရ ကဏ္ဍအလိုက်စီမံကိန်းများနှင့်လုပ်ငန်းစဉ်များကိုဆောင်ရွက်ရာ၌ မြန်မာနိုင်ငံအနေဖြင့် မဟာမဲခေါင်ရထားအဖွဲ့အစည်း (Greater Mekong Railways Association- GMRA)ကို ထူထောင်ရာတွင် ပါဝင်ခဲ့ပြီး နယ်စပ်ဖြတ်ကျော်ပို့ဆောင်ရေးလွယ်ကူချောမွေ့စေမှု (Cross-border Transport Facilitation Agreement-CBTA) စာချုပ်များနှင့်နောက်ဆက်တွဲများကို  အတည်ပြုလက်မှတ်ရေး ထိုးနိုင်ခဲ့သည်။

ဒေသတွင်းကုန်ထုတ်ပစ္စည်းထုတ်လုပ်တင်ပို့နိုင်ရေးနှင့်ဖွံ့ဖြိုးမှုအတွက် GMS အစီအစဉ်အရဆောင်ရွက်လျက်ရှိသည့် စီးပွားရေးစင်္ကြံ များမှာ အလွန်အရေးပါလှသည်။ ၎င်းတို့အနက် အရှေ့-အနောက်စီးပွားရေးစင်္ကြံလမ်းကြောင်းသည် မြန်မာနိုင်ငံအတွက် အလွန် အရေးပါသည့်လမ်းကြောင်းဖြစ်ပါသည်။ ဗီယက်နမ်(ဒါနန်း)မှ ရန်ကုန်(သီလဝါ)အထိ ဆက်သွယ်ထားသည့်အဆိုပါစင်္ကြံသည် မဟာမဲခေါင်ဒေသခွဲနိုင်ငံများအတွင်း ချိတ်ဆက်မှုအားကောင်းစေပြီး ကုန်သွယ်မှုပိုမိုအဆင်ပြေချောမွေ့စေသည်။

မဟာမဲခေါင်ဒေသခွဲစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အရ  ထိပ်သီးအစည်းအဝေးများကို မဟာမဲခေါင်ဒေသခွဲအစီအစဉ်၏ (၁၀) နှစ်ပြည့်မြောက်သည့် ၂၀၁၂ ခုနှစ်မှစတင်၍ (၃) နှစ်လျှင်တစ်ကြိမ် မဟာမဲခေါင်ဒေသခွဲ (၆) နိုင်ငံမှ အက္ခရာစဉ်အလိုက် အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပလျက်ရှိရာ မြန်မာနိုင်ငံအနေနှင့် စတုတ္ထအကြိမ် မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် အိမ်ရှင်နိုင်ငံအဖြစ် နေပြည်တော်၌ လက်ခံကျင်းပခဲ့ပြီးဖြစ်ပါသည်။

ထိပ်သီးအစည်းအဝေးများတွင် အနာဂတ်ကာလ ဒေသခွဲဖွံ့ဖြိုးရေးနှင့်စပ်လျဉ်းသည့် မျှော်မှန်းချက်များ ပြည့်မီအောင်မြင်စေရေး ဆိုင်ရာ ကတိကဝတ်များပြုကြပြီး နိုင်ငံ့ခေါင်းဆောင်များ၏ အရေးပါသောပူးတွဲကြေညာချက်ကိုထုတ်ပြန်လေ့ရှိရာ ၂၀၂၁ ခုနှစ် စက်တင်ဘာ  ၉ ရက်တွင် ကျင်းပခဲ့သည့် သတ္တမအကြိမ် မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးတွင် မဟာမဲခေါင်ဒေသခွဲ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ် မဟာဗျူဟာမူဘောင် ၂၀၃၀၊ ဂျီအမ်အက်စ် ကိုဗစ်-၁၉ တုံ့ပြန်မှုနှင့် ပြန်လည်ထူထောင်ရေး စီမံချက် (၂၀၂၁-၂၀၂၃) နှင့် ထိပ်သီးအစည်းအဝေးပူးတွဲကြေညာချက်စာတမ်းတို့ကို  အတည်ပြုချမှတ်ခဲ့ကြောင်းသိရှိရသည်။

လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုကြောင့် GMS ဒေသအပါအဝင် ကမ္ဘာ့နိုင်ငံအများအပြား၌ ပြောင်းလဲမှုများစွာ ဖြစ်ပေါ်ခဲ့ပြီး လူသားများ၏ ကျန်းမာရေး၊ စီးပွားရေးနှင့်လူမှုရေးတို့တွင် ထိခိုက်မှုများဖြစ်ပွားကာ အခက်အခဲများကိုလည်း ရင်ဆိုင် နေရဆဲဖြစ်ပါသည်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးရရှိရေး၊ ကိုဗစ်-၁၉ အလွန် စီးပွားရေးပြန်လည်ထူထောင်ရေး၊ ငွေရေးကြေးရေးနှင့် နည်းပညာပိုင်းဆိုင်ရာ အရင်းအမြစ်တို့အပြင် သမားရိုးကျမဟုတ်သော စိန်ခေါ်မှုများကိုဖြေရှင်းရေး အစရှိသည့် လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။    ။