ကျိုက်မရော၊ ဘာသာရေး
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ရှိ ဆုတောင်းပြည့်ဘုရားကြီးအား COVID-19 ရောဂါဖြစ်ပွားနေမှုများကြောင့် ခေတ္တယာယီပိတ်ထားရာမှ COVID-19 ရောဂါစည်းကမ်းချက်များနှင့်အညီ အများပြည်သူစိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုနိုင်စေရန်အတွက် ဖေဖော်ဝါရီလဒုတိယပတ်မှစ၍ ပြန်လည်ဖွင့်လှစ်ပေးထားကြောင်း သိရသည်။
ထိုသို့ပြန်လည်ဖွင့်လှစ်ရာတွင် ကျိုက်မရောမြို့နယ်အတွင်းရှိ ခရုံဂူဘုရား၊ စပယ်ဂူဘုရား၊ ဖားဘောင်ဂူဘုရား တို့ကိုလည်း အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူပြည်သူများ COVID-19 ရောဂါ စည်းမျဉ်းစည်းကမ်းချက်များ နှင့်အညီ နေ့စဉ် နံနက် ၆ နာရီမှ ည ၇ နာရီအထိ ဖူးမြော်နိုင်ရေးအတွက် ဖွင့်လှစ်ပေးထားကြောင်း ဘုရားကြီး ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ဆုတောင်းပြည့်ဘုရားကြီးကို မွန်ဘုရင်မကြီး ရှင်စောပုတည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ပြီး ယခုကာလ တွင် ကျိုက်မရောဆုတောင်းပြည့်ဘုရားကြီးသို့ နေ့စဉ်ရပ်ဝေးရပ်နီးမှ ဘုရားဖူးပြည်သူများက COVID-19 ရောဂါ စည်းကမ်းချက်များနှင့်အညီ စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော်လျက်ရှိသည်။
အလားတူ မော်လမြိုင်မြို့နယ်အတွင်းရှိဘုရားပုထိုးစေတီများကို အနယ်နယ်အရပ်ရပ်မှ ပြည်သူများအနေဖြင့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစ၍ စိတ်အေးချမ်းသာစွာဖူးမြော်လျက်ရှိကြောင်း၊ မော်လမြိုင်မြို့နယ်ရှိ ဘုရား ပုထိုးစေတီများကို ယခုကာလအတွင်း ယာယီပိတ်ထားရသည့်အတွက် စေတီတော်ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲရှိကြောင်း စေတီတော်ဂေါပကများထံမှ သိရသည်။
ယခုအခါ ဘုရားပုထိုးစေတီများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် COVID-19 ရောဂါ စည်းကမ်းချက် များနှင့်အညီဖွင့်လှစ်ပေးခဲ့ပြီး မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ဘုရားစေတီများ၌လည်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)၊(၄၀၆)