ကျိုက်မှော်ဝန်းရေလယ်စေတီတော် (၁၁၁) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပမည်

ရန်ကုန်၊ သာသနာရေး

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်း မြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ကျိုက် မှော်ဝန်းရေလယ်စေတီတော်၏ (၁၁၁)ကြိမ်မြောက်  ဗုဒ္ဓပူဇနိယပွဲတော်ကို  မတ် ၂၃  ရက်တွင်  ကျင်းပမည်ဖြစ်ကြောင်း အဆိုပါစေတီတော်   ဂေါပကအဖွဲ့ဝင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“မတ် ၂၃ ရက် မွန်းတည့် ၁၂ နာရီမှာ ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲနဲ့ ဖွင့်ပွဲစမှာပါ။ ဒီနှစ်က (၁၁၁) ကြိမ်မြောက် ဆိုတော့ ပိုပြီးထူးခြားတယ်။ ဒါပေမဲ့ ဒီနှစ်က COVID-19 ရောဂါအခြေအနေကြောင့် အရင်နှစ် တွေလို ခမ်းနားစွာမလုပ်နိုင်တဲ့အတွက် အကျဉ်းရုံးပဲ ဆောင်ရွက်ဖို့စီစဉ် ထားပါတယ်” ဟု ၎င်းကပြောသည်။

မတ် ၂၇ ရက် (တပေါင်းလပြည့်နေ့)တွင် စေတီတော်ကြီးနှင့် ရုပ်ပွားတော်များကို ဗုဒ္ဓါဘိသေက အနေကဇာ တင်ခြင်း၊ ဆွမ်း တော်ကြီးတင် ကပ်လှူပူဇော်ခြင်း၊ ပဋ္ဌာန်း ဒေသနာတော်ရွတ်ဖတ်ပူဇော်ပွဲပိတ်သိမ်းခြင်းနှင့်    သံဃာတော်များအား  ဆွမ်းဆက်ကပ်လှူဒါန်းပြီး  ရေစက်သွန်းချ အမျှဝေခြင်းများ ဆောင်ရွက်မည်ဖြစ်သည်။

နှစ်စဉ် စေတီတော်ကြီး၏  ဗုဒ္ဓပူဇနိယ ပွဲတော်ကို တပေါင်းလဆန်း ၈ ရက်မှစပြီး တရားပွဲ၊ ပဋ္ဌာန်းပွဲများ ပြုလုပ်ခြင်းနှင့် သံဃာ အပါး ၁၈၀ ကျော် ဆွမ်းဆန်စိမ်းလောင်း လှူခြင်း၊  မှော်ဝန်းချောင်းအတွင်း  ဆီမီး မျှောပွဲပြုလုပ်ခြင်း၊ ဇာတ်ပွဲများ၊ ပျော်ပွဲရွှင်ပွဲ များဖြင့် ကိုးရက်ကြာ စည်ကားသိုက်မြိုက် စွာကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါစေတီတော်ကြီးသို့ လာရောက် ဖူးမြော်လိုသည့် ဘုရားဖူးပြည်သူများအနေ ဖြင့် နေ့စဉ်နံနက် ၆ နာရီမှ  ညနေ ၄ နာရီအထိ သတ်မှတ်ချိန်အတွင်း COVID-19 ရောဂါ စည်းကမ်းချက်များနှင့်အညီ လာရောက်ဖူးမြော် နိုင်ကြောင်း သိရသည်။

ဆုလာဘ်