ကျောက်ဆည်မြို့နယ်၌ ငွေကျပ်သိန်း ၁၁၇၀ တန်ဖိုးရှိ ဘိန်းစိမ်းများ ဖမ်းဆီးရမိ

နေပြည်တော် ဖေဖော်ဝါရီ ၁၈

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်၌ ငွေကျပ်သိန်း ၁၁၇၀ တန်ဖိုးရှိဘိန်းစိမ်း ၇၈ ကီလိုဖမ်းဆီး ရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယင်းသတင်းထုတ်ပြန်ချက်၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဖေဖော်ဝါရီ ၁၇  ရက် ညနေ ၅ နာရီခွဲတွင်ကျောက်ဆည်မြို့နယ် ကင်းကျေးရွာ ရွာငံ-ကျောက်ဆည်သွားကားလမ်း၌ ရွာငံဘက်မှ ကျောက်ဆည်ဘက်သို့ မောင်းနှင်လာသည့် Crown မော်တော်ယာဉ်အား  စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် မောင်းနှင်ထွက်ပြေးသဖြင့် ပူးပေါင်းအဖွဲ့မှ ပိတ်ဆို့ဖမ်းဆီး ခဲ့ရာကုလကျေးရွာအနီးတွင် အဆိုပါမော်တော်ယာဉ်ကို ယာဉ်မောင်း စွမ်းသီဟနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါမော်တော်ယာဉ်ပေါ်မှ ငွေကျပ်သိန်း ၁၁၇၀ တန်ဖိုးရှိ ဘိန်းစိမ်း ၇၈ ကီလိုသိမ်းဆည်းရမိခဲ့သဖြင့် စွမ်းသီဟ ၂၂ နှစ်ကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေး ယူထားရှိပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိသော ဘိန်းစိမ်းများမှာ ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်မှ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ကွင်းဆက်တရားခံများ ဖမ်းဆီးရမိရေး စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)