ကျေးရွာပေါင်း ၃၀ ၃ ရွာ၌ ကျေးလက်ရေရရှိရေးလုပ်ငန်းပေါင်း ၃၁၄၃ ခုအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ

နေပြည်တော် သြဂုတ် ၁၈

၂၀၃၀ ပြည့်နှစ်တွင်   လူသားတိုင်း သန့်ရှင်းသောသောက်သုံးရေ၊ မိလ္လာစနစ်ရရှိရေးနှင့် စဉ်ဆက်မပြတ်စီမံခန့်ခွဲမှုဖြစ်ပေါ်စေရေး   ရည်မှန်းချက်နှင့်အညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ယနေ့နံနက်ပိုင်းတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌  ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်ကျင်းပသည့် ကျေးလက်ရေရရှိရေးအစည်းအဝေးတွင်   ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက  ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးကကျေးလက်ဒေသရေရရှိရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ တစ်ကိုယ်ရေ သန့်ရှင်းရေး မဟာဗျူဟာနှင့် ရင်းနှီးမြှုပ်နှံမှုအစီအစဉ်အရ ရေရရှိရေးလုပ်ငန်းများကို မဟာဗျူဟာကျကျ ရင်းနှီးမြှုပ်နှံဆောင်ရွက်လျက်ရှိ ကြောင်း၊ ကျေးလက်ဒေသများရေရရှိမှုအနေဖြင့် ၂၀၁၄ ခုနှစ်တွင် ၆၂ ရာခိုင်နှုန်းသာရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် ၇၇ ရာခိုင်နှုန်းအထိ တိုးတက် အောင်မြင်မှုများရရှိခဲ့ပါကြောင်း၊ တစ်ဖက်တွင်လည်း ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ရေရရှိမှု ရာခိုင်နှုန်း နည်းပါးသည်ကို တွေ့ရပါကြောင်း၊ ကျေးလက်နေပြည်သူများအတွက် အခြေခံရေပေးရေးလုပ်ငန်းများ၊ အိမ်သွယ်ရေမီတာစနစ်၊  ရေသန့်စင် စနစ်စသည့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ၊ အသိပညာပေးသင်တန်းများ၊ လက်စွဲစာစောင်များ၊ ရေပေးရေး သုတေသန လုပ်ငန်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများဖြင့်  ပူးပေါင်းဆောင်ရွက်ခြင်း စသည့်လုပ်ငန်းများကို ပိုမိုတိုးတက်အောင် တာဝန်ရှိသူများ နှင့်အတူ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးခန့်ဇော်က ကျေးလက်ရေရရှိရေး လုပ်ငန်းများ အား ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှစတင်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အထိ လုပ်ငန်းပေါင်း ၃၅၈၅၀ ကို ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ် ရန်ပုံငွေများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တွင်လည်း ကျေးရွာပေါင်း ၃၀၈၃ ရွာတွင်ကျေးလက်ရေရရှိရေးလုပ်ငန်းပေါင်း ၃၁၄၃ ခုကို အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိကြောင်း၊ ထို့ပြင် ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း နွေရာသီတွင် သောက်သုံးရေရှားပါးပြတ်လပ်သော ကျေးရွာ ၂၃၁၇ ရွာကို သောက်သုံးရေဂါလန် ၃၁ သန်းကျော်ဖြန့်ဝေပေးနိုင်ခဲ့ပါကြောင်း၊ အဆိုပါရေ ရှားပါးကျေးရွာများအတွက်  ရေရရှိရေးလုပ်ငန်းပေါင်း ၉၇၂ ခုကို နည်းလမ်းရှာဖွေဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများက ကဏ္ဍအလိုက်ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့်  ယခုဘဏ္ဍာရေးနှစ်အထိ   အိမ်သွယ် ရေတိုင် ၃၀၃၈ ရွာ၊ ရေသန့်စင်စနစ် ၁၆၃ ရွာနှင့်  စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှု ၄၁၉၃ ရွာ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)