ခေါင်းကွဲကျေးရွာ၌ သံသေတ္တာများ တစ်နှစ်ပတ်လုံး ပြုလုပ်ရောင်းချလျက်ရှိ

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ခေါင်းကွဲကျေးရွာ၌ သံသေတ္တာနှင့် အခြားပစ္စည်းများကို ရွာလုံးကျွတ် စီးပွားဖြစ် လုပ်ကိုင်ကာ ဒေသအနှံ့ တင်ပို့ပေးလျက်ရှိပြီး ခေါင်းကွဲကျေးရွာမှ သံသေတ္တာနှင့် သံဖြူပစ္စည်းများမှာ နာမည်ရပြီး လူကြိုက်များကြောင်း သိရသည်။

ခေါင်းကွဲကျေးရွာတွင် တစ်နှစ်ပတ်လုံး သံဖြူလုပ်ငန်း လုပ်ကိုင်ကြပြီး အများစုမှာ သံသေတ္တာကို အားထား လုပ်ဆောင်ကြသည်။ ခေါင်းကွဲကျေးရွာထွက် သံသေတ္တာကုန်ချောများကို မန္တလေး၊ မိတ်္ထီလာနှင့် အခြားမြို့ကြီးများသို့ တင်ပို့ကာ သံကုန်ကြမ်းနှင့်သွပ်ပြားအသစ်များကို မန္တလေးမြို့မှ တိုက်ရိုက်ဝယ်ယူကြသည်။  သံသေတ္တာပြုလုပ်ရာတွင် သွပ်ပြားအထူနှင့် အပါးနှစ်မျိုး ဝယ်ယူလုပ်ကိုင်ကြပြီး သံဖြူလုပ်ငန်းရှင်တစ်ဦးလျှင် သံဖြူပညာရှင် ၁၀ ဦးကျော် ငှားရမ်းလုပ်ကိုင်ကြသည်။ သံသေတ္တာဈေးကွက်ကောင်းကာ လုပ်ငန်းများတွင်ကျယ်လာပါက သံဖြူပညာရှင် ၃၀ ကျော်အထိ ခေါ်ယူလုပ်ကိုင်ကြကြောင်း သိရသည်။

သံဖြူလုပ်ငန်းဈေးကွက်သည် ဝါခေါင်လမှ တပို့တွဲလအထိ ပုံမှန်ဈေးကွက်သာ ရှိပြီးတပေါင်းလမှ ဝါဆိုလအထိ ရောင်းအားကောင်းလေ့ရှိသည်။ လက်ရှိကာလ ပွဲလမ်းသဘင်မရှိသည့်အတွက် ဈေးကွက်ကျဆင်းလျက်ရှိသည်။ သံသေတ္တာ လုပ်ကိုင်ရာတွင်ပုံသဏ္ဌာန်အရွယ်အစားအားဖြင့် ၂၄ လက်မ၊ ၂၇ လက်မ၊ လက်မ ၃၀၊ ၃၃ လက်မအရွယ်အစားပြုလုပ်ရောင်းချကြသည်။သံသေတ္တာ အထူ၊ အပါးပေါ်မူတည်ကာ ဈေးနှုန်း ကွာခြားသွားသည်။ သံဖြူပညာရှင်များမှာ သွပ်ပြားများကို ပထမဆုံး ပုံထုတ်ပြီး စည်းဆွဲခြင်းများကို စနစ်တကျပြုလုပ်ကာ သေတ္တာရိုက်ကြသည်။ သံဖြူပညာရှင်တစ်ဦးလျှင် တစ်နေ့သံသေတ္တာ ခုနစ်လုံးအထိ ပြီးစီးပြီး လုပ်အားခအနေဖြင့် တစ်လုံးလျှင် ငွေကျပ် ၂၀၀၀ ရရှိကြောင်း သိရသည်။