ခေါင်းလျှော်မှားလျှင် လေဖြတ်နိုင်သည်
အစားမှား၊ ရေချိုးမှားသူများရှိသကဲ့သို့ ခေါင်းလျှော်မှားသူလည်းရှိပါသည်။ လေဖြတ်ရောဂါသည် လူ၏အမှားကိုစောင့်၍ အလစ်ဝင် ရောက်တတ်သောရောဂါဖြစ်သည်။ ဖြစ်သည်က တစ်ခဏ ခံစားရသည်က တစ်ဘဝဖြစ်သည်။
စာရေးသူသည် လေဖြတ်သည့်လူနာများစွာကို ကုသပေးခဲ့ပြီး ထူးဆန်းသောအဖြစ်အပျက်များကိုလည်း စာရေးလေ့ရှိသဖြင့် စာရေးသူထံရောက်လာသော သူများမှာ လူနာများအပြင် တစ်ခါတစ်ရံစာဖတ်သူအချို့လည်း ရောက်ရှိလာလေ့ရှိသည်။
တစ်နေ့ ကျွန်တော့်ထံသို့ရောက်ရှိလာသူမှာ မကွေးတိုင်းဒေသကြီးရှိ မြို့တစ်မြို့မှ မြို့နယ်ပညာရေးမှူးဆရာကြီးတစ်ဦးဖြစ်သည်။ သူက သူ့ကိုယ်သူ လေဖြတ်နိုင်ခြင်းရှိ၊ မရှိ စစ်ဆေးလိုပါသည်ဟုပြောသည်။
လေဖြတ်နိုင်သည့် ရှေ့ပြေးလက္ခဏာများ၊ ဥပမာ-ပစ္စည်းကိုင်လျှင် မကြာခဏလွတ်ကျခြင်း၊ ခြေလက်တို့တွင် ထုံကျဉ်ခြင်း၊ မကြာ ခဏဝမ်းချုပ်ပြီး ဗိုက်တွင်လေပွနေခြင်း၊ ဦးခေါင်းနောက်စေ့တွင် ခေါင်းကိုက်ခြင်း၊ လမ်းသွားလျှင် ဖိနပ်ကျွတ်ကျန်ခဲ့ခြင်း၊ ရေချိုးပြီး လျှင် မျက်စိများနီရဲခြင်း စသည်တို့ကိုမေးမြန်းပါသည်။ အားလုံးကင်းလွတ်ပါသည်။ သွေးပေါင်လည်း ချိန်ကြည့်ပါသည်။ ပုံမှန်နီးပါး ကောင်းပါသည်။ သူ့တွင်ကျွန်တော်၏ ပညာနှင့် စမ်းသပ်ရသလောက်တော့ လေဖြတ်မည့်လက္ခဏာမရှိပါ။ ထို့ကြောင့် လတ်တလော အခြေအနေ စစ်ဆေးသုံးသပ်ချက်များကောင်းနေ၍ လေဖြတ်ခြင်း ရုတ်တရက်တော့ မဖြစ်နိုင်ကြောင်း ပြောပြပါသည်။
ထိုကဲ့သို့ သုံးသပ်ချက် အဖြေကောင်းနေသည့်အကြောင်းပြောသော်လည်း ထိုဆရာကြီးမှာ ဘဝင်ကျသေးပုံမပေါ်ဘဲ မေးခွန်းတစ်ခု ထပ်မေးပါသည်။ ထိုမေးခွန်းမှာ လေဖြတ်တာ မျိုးရိုးလိုက်တတ်သလားဟုဖြစ်ပါသည်။
အတော်ဖြေရကျပ်သော မေးခွန်းဖြစ်ပါသည်။ လေဖြတ်ခြင်းသည် မျိုးရိုးလိုက်ဖြစ်ကြသူများလည်း ရှိပါသည်။ သို့သော် တစ်ယောက် တလေသာ(အထူးသဖြင့် အရက်မဆင်မခြင်သောက်၍) လေဖြတ်ပြီး ကျန်ညီအစ်ကိုမောင်နှမများ ဘာမှမဖြစ်သူများလည်းရှိပါသည်။ သွေးတိုးနှင့်ဆီးချိုရောဂါ မျိုးရိုးလိုက်ရှိသူများပင် လူတိုင်းလေမဖြတ်ပါ။ အမှတ်တမဲ့ သွေးတိုး၊ ဆီးချိုတက်သွားခြင်းကြောင့် တစ်ဦး တလေ လေဖြတ်သွားသော်လည်း အစားကို ပုံမှန်ဂရုတစိုက်စားသောက်ပြီး သွေးပေါင်ချိန်ကို အစဉ်ဂရုစိုက်နေသူများမှာ သက်တမ်း စေ့နေပြီး လေမဖြတ်ပါ။ ထို့ကြောင့် မျိုးရိုးလိုက်သည်ဟူသောစကားသည် အမြဲတမ်း မမှန်ကန်ပါ။
ထိုဆရာကြီးက မျိုးရိုးလိုက်ခြင်းကို ဘာကြောင့် မေးသလဲ၊ သူဘာကိုကြောက်နေတာလဲဟု သွယ်ဝိုက်မေးမြန်းကြည့်မှ သူ့မှာ အစ်ကို တစ်ယောက်ရှိကြောင်း၊ ယခုလေဖြတ်ထားပြီး သတိလစ်နေသည်မှာ တစ်လခွဲနှစ်လခန့်ရှိပြီး ဆေးရုံပေါ်တွင်ပင် အသက်ဆက်ထား ရကြောင်း COMA ခေါ် ဦးနှောက်တစ်စိတ်တစ်ပိုင်းသေသည့် ရောဂါမျိုးဖြစ်နေကြောင်း ပြောပြပါသည်။
ဖြစ်ပုံမှာ သူ၏အစ်ကိုသည် သူကဲ့သို့ ပညာများစွာ မတတ်သော်လည်း စီးပွားရေးလုပ်ငန်းများတွင် အောင်မြင်သူဖြစ်သည်။ တစ်ဆင့် ထက်တစ်ဆင့်မြင့်လာရာ နိုင်ငံခြားကုမ္ပဏီကြီးတစ်ခု၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်တော်ကြီးအဆင့်အထိ အောင်မြင်ပြီးသူ၏ သားသမီးနှစ်ဦးမှာလည်း အမေရိကားတွင် တစ်ယောက်၊ အင်္ဂလန်နိုင်ငံတွင် တစ်ယောက် ပညာသင်ပို့လွှတ်နိုင်ခဲ့ပြီး ဒေါက်တာ ဘွဲ့များပင် ရရှိပြီးကြလေပြီ။ အလွန်အမင်း ချမ်းသာကြသူများဖြစ်သည်။ ညီဖြစ်သူဆရာကြီးမှာကား မြို့နယ်ပညာရေးမှူးဘ၀ ဝန်ထမ်းလစာဖြင့် ရိုးရိုးနေထိုင်သူ၊ အေးချမ်းစွာနေထိုင်သူဖြစ်လေသည်။
ဆရာကြီး၏အစ်ကိုဖြစ်သူသည် စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့်အတူ အားလပ်ရက်၊ အားလပ်ချိန်များတွင် ဂေါက်သီးရိုက် လေ့ရှိသည်။ ဂေါက်သီးရိုက်ခြင်းသည် ကျန်းမာရေးအတွက် အလွန်ကောင်းမွန်ပြီး လေကောင်းလေသန့်၊ ရှုမျှော်ခင်း စိတ်ချမ်းသာမှု ပေးနိုင်သည့် ကစားနည်းဖြစ်သည်။
အချို့ဂေါက်ကွင်းများတွင် စားသောက်ရန်၊ Restaurant Bar နှင့် ခေါင်းလျှော်ရင်း အနှိပ်ခံသည့်ဆိုင်များ ပါရှိသည်ဟု သိရသည်။
ပြီးခဲ့သောနှစ်က မေလတွင် မိုးခေါင်ပြီး အပူလွန်ကဲချိန်တွင်ဖြစ်သည်။ ဆရာကြီး၏ အစ်ကိုနှင့်မိတ်ဆွေတစ်စုသည် နေ့နှစ်နာရီခန့် တွင် အပူလွန်ကဲသည်ဟုဆိုကာ ဂေါက်ကွင်းထဲမဆင်းကြသေးဘဲ အချိန်စောင့်မည်ဆိုကာ အပန်းဖြေနားနေရာရှိ ခေါင်းလျှော်ဆိုင်သို့ အချိန်ဖြုန်းရန် ရောက်သွားကြသည်။ ခေါင်းလျှော်သူ မိန်းကလေးများ၏တာဝန်မှာ ခေါင်းလျှော်သူကို အိပ်ခိုင်းပြီး ခေါင်းကို ရှန်ပူများဖြင့် အကြိမ်ကြိမ်လျှော်သည့်အပြင် ဇက်၊ ပခုံးစသည်တို့ကိုပါနှိပ်ပြီး အကြောလျှော့ပေးတတ်ကြသည်။ ဂေါက်သီး ကစားသူ အားလုံးအချိန်ဖြုန်းရင်း နေပူလျှင် ခေါင်းလျှော်အနှိပ်ခံလေ့ရှိသည်ဆိုကြသော်လည်း ထိုဆရာကြီး၏ အစ်ကိုကတော့ ဒီတစ်ကြိမ်သာ ခေါင်းလျှော်စင်ပေါ်ရောက်ဖူးသည်။
သူသည် အသောက်အစားကင်းသူလည်း ဖြစ်သည်။ စီးကရက်တစ်နေ့တစ်ဘူးခန့် သောက်သည်ကလွဲ၍ အရက်မသောက်တတ်ပါ။ ခေါင်းလျှော်စင်ပေါ်တွင်အိပ်လိုက်ပြီးနောက် ခေါင်းလျှော်ပေးမည့် မိန်းကလေးက သူ့လည်ပင်းကို ရေစိုခံသားရေပတ်ဖြင့် ပတ်လိုက် သည်။ ထို့နောက် ဦးခေါင်းဆံပင်များကြားသို့ ရေပန်းဖြင့် ဖျန်းလိုက်သည်။
“အန်ကယ်အေးရင်ပြောနော်... ရရဲ့လား”ဟုမေးသည်။ ရုတ်တရက် နေပူထဲမှလာသူဖြစ်သဖြင့်ခေါင်းထဲမှာတော့ အေးသွားသည်မှာ အမှန်ပင်။ သို့သော် “ရပါတယ်” ဟုဖြေလိုက်ပြီး ငြိမ်ခံနေလိုက်ချိန်တွင် သူ့ခေါင်းပေါ်သို့ ရေအေးများဆက်တိုက်ကျလာပြီး ခေါင်းလျှော်ရည်များဖြင့် ပွတ်သပ်ပေးနေသည်ကိုသိသည်။ ဆံပင်များကိုကုတ်လျှော်ပြီး နောက်တစ်ကြိမ်ရေအေးဖြင့် ဆေးကြော ပြန်သည်။ သူ့ခေါင်းနောက်စေ့ထဲမှ ရုတ်တရက် ကျဉ်တက်သွားသလို ခံစားရသည်။ ထို့နောက် မိုက်ခနဲဖြစ်သွားသဖြင့် သူ့လက်ဖြင့် ခေါင်းကိုဆေးနေသည့် ရေပိုက်ကိုလှမ်းဖယ်လိုက်ရန် ကြိုးစားလိုက်စဉ်မှာပင် သူ့လက်ပြုတ်ကျသွားပြီး သတိလစ်သွားသည်။ ဆရာကြီး၏ အစ်ကိုသည် ထိုနေ့မှာပင် ရန်ကုန်မြို့၏ နာမည်ကြီး အထူးကုဆေးရုံကြီးတစ်ခုသို့ ရောက်သွားသည်။ ဆေးရုံမှ ဓာတ်မှန်စစ်ဆေးချက်များအရ ဦးနှောက်သွေးကြော တစ်ခုပေါက်သွားကြောင်း တွေ့ရသည်။ သူ့တွင် ရန်ကုန်၌ ဆွေမျိုးသားချင်းမရှိ။ သူ့မိတ်ဆွေများကပင် ဆရာကြီးထံ အကြောင်းကြားသည်။ ဆရာကြီးရောက်သွားပြီးမှ အမေရိကားရှိ သူ့သမီးကြီးကို အကြောင်း ကြားရသည်။ ရန်ကုန်မှ ဆရာဝန်ကြီးများ၏ စစ်ဆေးချက်အရ ဦးနှောက်ကို ခွဲစိတ်ကုသရမည်ဖြစ်သည်။ သားသမီးများ၏ ခွင့်ပြုချက် လိုသည်။ သားသမီးများကို ရန်ကုန်ကုမ္ပဏီရုံးချုပ်မှ လှမ်း၍ခွင့်ပြုချက်တောင်းသည်။ သူတို့က ရန်ကုန်မှာမခွဲစေချင်၍ ဗန်ကောက်ရှိ နာမည်ကြီးဆေးရုံတစ်ခုသို့ သယ်လာစေချင်သည်။ အမေရိကားမှ ဦးနှောက်ခွဲစိတ် ဆရာဝန်ကြီးတစ်ဦးကို ဗန်ကောက်အထိပင့် လာပြီး ဗန်ကောက်တွင် ခွဲစိတ်မည်ဟုပြောသည်။
ချမ်းသာပြီး နိုင်ငံခြားကုမ္ပဏီ၏ ကိုယ်စားလှယ်လည်းဖြစ်သဖြင့် လေယာဉ်ကို စင်းလုံးငှားဖို့ရန် စီစဉ်ကြသည်။ လေယာဉ်စရိတ်မှာ သိန်းရာချီ၍ပေးရသည်ဟုပြောသည်။ ဗန်ကောက်တွင် ဦးခေါင်းခွဲစိတ်မှုပြုလုပ်ပြီး ဦးနှောက်ထဲမှ သွေးခဲများကို ဖယ်ရှားလိုက်ကြ သည်။ သို့သော် သတိတော့ ပြန်လည်မလာပါ။ အချိန် ၆ နာရီခန့်နောက်ကျသွားသည်။ ဦးနှောက်အစိတ်အပိုင်း အချို့သေသွားပြီ။ ဆက်၍လည်း COMA ရသွားနိုင်သည်ဟု အမေရိကားမှ ပါရဂူကြီးကပြောသည်။ လက်မလျှော့သေးဘဲ တန်ဖိုးကြီးဆေးများသွင်းပြီး ကြိုးစားကြသေးသည်။ ထူးမလာ။ တစ်လကျော်ကြာပြီးနောက် လေယာဉ်စင်းလုံးငှားပြီး ရန်ကုန်သို့ပြန်သယ်လာကြသည်။ အသက် မသေ၊ သတိလည်းပြန်မရနှင့် ယခုအထိ နှစ်လကျော်နေပြီဖြစ်ကြောင်းဆရာကြီးကပြောပြပါသည်။
Heat Stroke ခေါ် အပူလျှပ်၍ လေဖြတ်ခြင်း သည် ရုတ်တရက်နေပူထဲမှလာပြီး ခေါင်းကိုရေအေးဖြင့်လျှော်ခြင်းကြောင့်ဖြစ်ပြီး လေဖြတ်သည့် မျိုးရိုးပါခြင်းကြောင့်မဟုတ်ပါ။ အပူအအေးဆန့်ကျင်ဘက်တိုက်ပွဲကြောင့် ရုတ်တရက်လေဖြတ်ရခြင်း ဖြစ်သည်။ ထို့ကြောင့် ဆရာကြီးကိုလည်း ရှင်းပြနှစ်သိမ့်လိုက်ရပါသည်။ မိမိတို့ ဆွေမျိုးညီအစ်ကိုမောင်နှမအတွင်းတွင် တစ်ဦးတစ်ယောက် လေဖြတ်သည်နှင့် မျိုးရိုးလိုက်ပြီးဖြတ်နိုင်သည်ဟု စိတ်အစွဲမထားရန် လေဖြတ်သူမှာလည်း မျိုးရိုးကြောင့်လား၊ အနေအထိုင် အပြုအမူ မှားယွင်းသဖြင့် ရုတ်တရက်လေဖြတ်ရခြင်းလားဆိုသည်မှာ ဆန်းစစ်ရမည်ဖြစ်ပါသည်။ ဤသင်ခန်းစာတွင် ခေါင်းလျှော် ဆိုင်သွား၍ ဘာမှမဖြစ်နိုင်ပါ။ ခေါင်းလျှော်ခြင်း၊ အနှိပ်ခံခြင်းသည် ကောင်းသော၊ကိုယ်လက်ပေါ့ပါး၍ စိတ်ကြည်လင်စေသော ကိစ္စ ပင်ဖြစ်ပါသည်။ နေပူပြင်းမှုလွန်ကဲသော အချိန်များတွင်ကား ဦးနှောက်သွေးကြောပေါက်၍ လေဖြတ်သည်အထိ ဒုက္ခပေးနိုင် သဖြင့် အထူးသတိပြုဆင်ခြင်ကြဖို့လိုအပ်သည်။
လေဖြတ်လျှင် ငွေကြေးကုန်ကျအလွန်များပြီး ရာနှုန်းပြည့်ပြန်ကောင်းသူ အလွန်ရှားပါးပါသည်။ မိမိရှာဖွေထားသော စည်းစိမ်ဥစ္စာ များမှာ လေဖြတ်ခြင်းကြောင့်ကုန်သွားနိုင်ပါသည်။ လေဖြတ်ပြီး အသက်မသေဘဲ ဆယ်နှစ်ကျော်အသက်ရှည်နေသူများကို တွေ့ဖူးပါ သည်။ ကြာတော့ ပြုစုသူသားသမီးများကပင် ငြိုငြင်လာကြသည်ကိုတွေ့ရပါသည်။ ခေါင်းလျှော်ခြင်းကဲ့သို့ အသေးအဖွဲ ကိစ္စလေး ကြောင့်ပင် လေဖြတ်ဦးနှောက်သွေးကြောပြတ်နိုင်သဖြင့် သတိပြုဆင်ခြင်ကြဖို့ ရေးသားလိုက်ရပါသည်။ ။
ကြည်လွင်မြင့်(မုဒြာ)