ချင်းပြည်နယ်၊ တီးတိန်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်၌ လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား CDF အကြမ်းဖက်သောင်းကျန်းသူများက အလစ်အငိုက်ပစ်ခတ်တိုက်ခိုက်ကာ ဘဏ်အတွင်းရှိ ငွေများအား လုယက်ယူဆောင်
နေပြည်တော်၊ ဩဂုတ် ၂၅
ချင်းပြည်နယ်၊ တီးတိန်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်၌ လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား CDF အကြမ်းဖက်သောင်းကျန်းသူများက အလစ်အငိုက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦးကျဆုံးကာ ၎င်းတို့ကိုင်ဆောင်သော လက်နက်ငယ်အချို့နှင့် ဘဏ်အတွင်းရှိ ငွေများအား လုယက်ယူဆောင်သွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့တွင် တီးတိန်မြို့၊ မြို့မရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်၌ လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦးဘဏ်လုံခြုံရေးဆောင်ရွက်နေစဉ် နံနက် ၁၁ နာရီ ၄၀ မိနစ်အချိန်တွင် CDF အကြမ်းဖက်သောင်းကျန်းသူများက ဘဏ်တွင် ငွေလာရောက်ထုတ်ယူသည့် သာမန် ငွေထုတ်သူ အသွင်ဖြင့် ရောက်ရှိလာပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များအနီး ချဉ်းကပ်ကာ ပစ္စတိုသေနတ် များဖြင့် အလစ်အငိုက်အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦးသည် ကျည်ထိမှန် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် ကျဆုံးခဲ့သည်။
ထို့နောက် အကြမ်းဖက်သောင်းကျန်းသူများသည် သေနတ်များပစ်ဖောက်၍ အသံပေး ခြောက်လှန့်ကာ ဘဏ်အတွင်းသို့ ဝင်ရောက်ပြီး ဘဏ်အတွင်းရှိရုံးလုပ်ငန်းသုံးပစ္စည်းများအား ရိုက်ခွဲ ဖျက်ဆီးကာ ကွန်ပျူတာနှင့် CCTV များအား သေနတ်ဖြင့်ပစ်ခတ်ဖျက်ဆီး၍ ဘဏ်ငွေထုတ်ကောင်တာရှိ အများပြည်သူများနှင့် ပစ်စင်စား မိဘပြည်သူများအား ငွေထုတ်ပေးရန်အသင့်ပြင်ဆင်ထားရှိသည့် နိုင်ငံတော်ပိုင်ငွေကျပ် ၃၈၈ သိန်းကျော်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ကိုင်ဆောင်သည့် လက်နက်ငယ် အချို့အား လုယက်ယူဆောင်ကာ ဘဏ်အတွင်းမှ ပြန်လည်ထွက်ပြေး သွားခဲ့သည်။
ထိုကဲ့သို့ လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား ပစ်ခတ်တိုက်ခိုက်ကာ ဘဏ်အတွင်းရှိ နိုင်ငံတော်ပိုင်ငွေများအား လုယက်ယူဆောင်သွားသည့် CDF အကြမ်းဖက် သောင်းကျန်းသူများအား ဖမ်းဆီးရမိနိုင်ရေး လိုအပ်သောပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းများ ဆက်လက် ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။