ချစ်ကြည်ရင်းနှီးမှု ခိုင်မာစေရေး

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊  ဇွန်  ၅  ရက်)

ဒေသတစ်ခု၏ အခက်အခဲကို ထိုဒေသတွင် နေထိုင်သူတို့ သိရှိကြသည်။ ထိုဒေသသို့ရောက်ဖူးသူတို့က ထိုဒေသခံတို့၏ အခက်အခဲကို စာနာနားလည်ကြသည်။ ဥပမာအားဖြင့် သံလွင်မြစ်ကူးတံတား (မော်လမြိုင်)ကို မတည်ဆောက်မီက သံလွင်မြစ်ကို ဖြတ်ကူးသွားလာနေရသည့် အခက်အခဲကို ဒေသခံတို့ ကြုံတွေ့နေကြရသည်။

မုတ္တမဘူတာသို့ ရထားဆိုက်ရောက်သည်နှင့် မော်လမြိုင်ဘက်ကမ်းသို့ ကူးရန် ဘူတာမှ ကမ်းနားဆိပ်သို့ ကုန်ပစ္စည်းများ သယ်ယူရသည်။ တစ်ဖက်ကမ်းမှ ပြန်လာမည့် ကူးတို့ဇက်ရေယာဉ်ကို   စောင့်ရသည်။ ထိုဇက်ရေယာဉ်ဖြင့် မော်လမြိုင်ဘက်ကမ်းသို့ ကူးရသည်။

မည်သူကမျှ ထင်မှတ်မထားသော သံလွင်တံတား(မော်လမြိုင်)ကို တည်ဆောက်ပြီးစီးသွားသည့်အခါ ခရီးသွားလာမှု လွယ်ကူချောမွေ့ မြန်ဆန်သွားသည်။ ထိုနည်းတူစွာ မော်လမြိုင်မှ ချောင်းဆုံသို့ သွားလာရသော ခရီးသည်လည်း လွယ်ကူချောမွေ့သည် မဟုတ်ခဲ့ပါ။ သင်္ဘောစီးကာ သံလွင်မြစ်ကို ဖြတ်ကူးပြီးမှ ချောင်းဆုံသို့ ရောက်ရှိသည်။ ထိုခရီးသည်လည်း အချိန်ကုန် လူပန်းဖြစ်ခဲ့သည်။ ထို့ကြောင့် သံလွင်တံတား(ချောင်းဆုံ)ကို တည်ဆောက်သည်။ တံတားတည်ဆောက်မှု အခြေအနေကို လေ့လာသောအခါ ဒီမိုကရေစီ ပထမအစိုးရသစ် လက်ထက် ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်တွင် စတင်ဆောင်ရွက်ပြီး ဒီမိုကရေစီ ဒုတိယအစိုးရလက်ထက် ၂ဝ၁၇ ခုနှစ် မေ ၉ ရက်တွင် တည်ဆောက်ပြီးစီးခဲ့သည်။ တံတားကြီးပြီးစီးသောအခါ တံတားအမည်ပေးခြင်းနှင့် ပတ်သက်၍ ဒေသခံပြည်သူများနှင့် အစိုးရတို့ သဘောထား ကွဲလွဲခဲ့ကြသည်။

ထိုစဉ်က NLD အစိုးရသည် ၎င်းတို့ပါတီပုံရိပ်အတွက် မူလသတ်မှတ်ထားသည့် တံတားအမည်ကို ဗိုလ်ချုပ်အောင်ဆန်းတံတား အဖြစ် အမည်ပြောင်းလဲရေး လုပ်ဆောင်လာသည်။ ဒေသခံပြည်သူလူထုက ကန့်ကွက်သောအခါ မြန်မာ့နိုင်ငံရေး သမိုင်းတွင်မရှိခဲ့သည့် တံတားအမည်ပေးရေး ကိစ္စကို လွှတ်တော်တွင် မဲခွဲ ဆုံးဖြတ်ကြသည်။ ထိုသို့လွှတ်တော်တွင် အဆိုတင် မဲခွဲစဉ်ကလည်း ဒေသနှင့် တိုင်းရင်းသား ကိုယ်စားပြု ပါတီအသီးသီးမှ လွှတ်တော် ကိုယ်စားလှယ်များနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ဒေသခံ ပြည်သူလူထု၏ အသံကို ထင်ဟပ်စေသည့် မူလပေးအပ်ထားသည့် အမည်ကိုသာပေးရန် ဆွေးနွေးခဲ့သည်။ သို့သော် အာဏာရပါတီ အနေဖြင့် ကိုယ်စားလှယ်အင်အား သာလွန်မှုနှင့် ဒီမိုကရေစီစနစ်ကို လက်တစ်လုံးခြား ပြုလုပ်ပြီး တံတားအမည်ကို အတင်းအဓမ္မ ဆောင်ရွက်ခဲ့သည်။

ဤသို့ လုပ်ဆောင်ခြင်းသည် တိုင်းရင်းသားတို့၏ သဘောဆန္ဒကို မျက်ကွယ်ပြုကာ ဒီမိုကရေစီ အနိုင်ကျင့်ခြင်း ဖြစ်သည်။ ဒေသခံတို့က မကျေနပ်သည့်အတွက် ကန့်ကွက်မှုပြုခဲ့သည့်အပြင် ကန့်ကွက် လက်မှတ်ရေးထိုးမှု ဆောင်ရွက်ခဲ့သည်။ လက်မှတ်ပေါင်း တစ်သိန်းခွဲခန့်အထိ ကောက်ခံရရှိခဲ့သော်လည်း အစိုးရက လိုက်လျောပေးခြင်း မရှိခဲ့ပေ။ တံတားအမည် ပေးအပ်မှုကြောင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ထိခိုက်စေနိုင်သည့်အတွက် ထိုစဉ်က နိုင်ငံရေးပါတီ ၁၄ ခုက ကြေညာချက်ထုတ်ပြန် တောင်းဆို ခဲ့သော်လည်း ထူးခြားမှုမရှိခဲ့ပေ။

သံလွင်တံတား(ချောင်းဆုံ) ဆိုင်းဘုတ်ဖွင့်လှစ်ခြင်း အခမ်းအနားကို ဇွန် ၁ ရက် နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားရာတွင် ''ဗိုလ်ချုပ်အောင်ဆန်းဆိုသည့် အမည်သည် မြန်မာ့လွတ်လပ်ရေး သမိုင်းတွင် အထင်ကရ တည်တံ့နေမည့် အမည်ဖြစ်သကဲ့သို့ ယခုတံတားအမည် ပြောင်းလဲသတ်မှတ်မှုသည်လည်း ဗိုလ်ချုပ်အောင်ဆန်း လိုလားတောင့်တခဲ့သည့် တိုင်းရင်းသားများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရှိစေရေးကို ခိုင်ခိုင်မာမာ ဖြစ်စေမည်ဖြစ်ပါကြောင်း၊ ဒေသခံပြည်သူလူထု အနေဖြင့် မလိုလားသော်လည်း ယခင်အစိုးရသည် ၎င်းတို့ပါတီပုံရိပ်အတွက် ဗိုလ်ချုပ်အောင်ဆန်း တံတားအဖြစ် အမည်ပေးအပ်ခဲ့သည့် အတွက် ယနေ့တွင် ဒေသခံပြည်သူလူထု၏ လိုအင်ဆန္ဒအတိုင်း တံတား၏ မူလအမည်ဖြစ်သည့် သံလွင်တံတား (ချောင်းဆုံ)အဖြစ် ပြန်လည် သတ်မှတ်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း''ထည့်သွင်း ပြောကြားခဲ့သည်။

သံလွင်မြစ်ပေါ်တွင် တည်ဆောက်ပြီးစီးခဲ့သော တံတားမှန်သမျှသည် သံလွင်မြစ်နှင့် ဒေသအမည်ကို ယှဉ်တွဲဖော်ပြထားသည်ချည်း ဖြစ်သည်။ ယခုတံတားသည်လည်း ချောင်းဆုံဒေသကို အမွှမ်းတင်ကာ သံလွင်တံတား(ချောင်းဆုံ)ဟု မှည့်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် တိုင်းရင်း သားများ၏ ဆန္ဒကို အလေးအနက် ထားသောအားဖြင့် လည်းကောင်း၊ နိုင်ငံအတွင်း လိုအပ်နေသည့် ငြိမ်းချမ်းရေး၏ အခြေခံစည်းလုံးညီညွတ်ခြင်း သဘောတရား၊ ဒီမိုကရေစီစနစ်၏ အခြေခံဒေသခံ ပြည်သူလူထုဆန္ဒ သဘောထားများကို လက်တွေ့အကောင်အထည် ဖော်ဆောင်ပေးသည့် အနေဖြင့်လည်းကောင်း၊ ဒေသခံပြည်သူများ၏ စိတ်သဘောဆန္ဒနှင့်အညီ စည်းလုံးညီညွတ်ရေးကို ရှေးရှုသောအားဖြင့် လည်းကောင်း မူလအမည် သံလွင်တံတား (ချောင်းဆုံ)အဖြစ် အမည်နာမ ပြောင်းလဲသတ်မှတ်ခြင်းကို ကြိုဆိုပါကြောင်း ရေးသား တင်ပြ လိုက်ရပေသည်။   ။