ချစ်စရာကရင်နှစ်သစ်ကူးနေ့မှသည်

ချစ်စရာကရင်နှစ်သစ်ကူးနေ့မှသည်

မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ် ပြာသိုလဆန်း ၁ ရက်သည် ကရင်နှစ်သစ်ကူးနေ့ဖြစ်သည်။ကရင်နှစ်သစ်ကူးနေ့သည် ကရင်အမျိုးသားတို့၏ သမိုင်းဝင်နေ့ထူးနေ့မြတ်ဖြစ်ပြီး မျိုးချစ်စိတ်ဓာတ်ဖြင့် အစဉ် အဆက်ထိန်းသိမ်းခဲ့သောနေ့ဖြစ်သည်။ မြန်မာနိုင်ငံရှိတိုင်းရင်းသားလူမျိုးအသီးသီးတွင် လူမျိုးအလိုက်ရိုးရာဓလေ့နှင့်ယဉ်ကျေးမှုများရှိကြသည်။ ထို့အတူ လူမျိုးအလိုက် နေ့ထူးနေ့မြတ်များလည်းရှိကြသည်။ အမှန်တကယ် စေ့စေ့စပ်စပ် သေသေချာချာလေ့လာကြည့်လိုက်လျှင် မြန်မာနိုင်ငံအတွင်း ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည်ဖြင့်လူမျိုးကြီး ၈ မျိုးမှဆက်နွှယ်လာခဲ့သောလူမျိုးစုများတွင် ချစ်စရာဓလေ့စရိုက်က အခြားမည်သည့်နိုင်ငံနှင့်မျှမတူအောင် ယဉ်ကျေးသိမ်မွေ့လှပေသည်။

ကရင်တိုင်းရင်းသားလူမျိုးများ၏ သမိုင်းဝင်နှစ်သစ်ကူးနေ့ဖြစ်ပေါ်လာပုံကိုလေ့လာကြည့်မိသည်။  ဒေါကလု ခေါ် ကရင်အမျိုးသားအစည်းအရုံးကြီးကစတင်ခဲ့သည်။ ဒေါကလုအသင်းကြီးသည် မြန်မာ့နိုင်ငံရေးအစည်းအရုံးများမပေါ်ပေါက်မီ ၁၈၈၁ ခုနှစ်ကတည်းက ပေါ်ပေါက်ခဲ့သောအသင်းကြီးဖြစ်သည်။  ထိုအသင်းကြီး၏ခေါင်းဆောင်များသည်  ကရင်တစ်မျိုးသားလုံးအတွက် သမိုင်းဝင်နေ့ထူးနေ့မြတ်ရရှိရန် ကရင်အမျိုးသားနေ့ကို အင်္ဂလိပ်အစိုးရထံ ပထမဦးဆုံးတင်သွင်းခဲ့သည်။ အင်္ဂလိပ်အစိုးရကငြင်းပယ်ခဲ့သဖြင့် 
ကရင်အမျိုးသားခေါင်းဆောင်များထပ်မံညှိနှိုင်းကာ ကရင်နှစ်သစ်ကူးနေ့ကိုထပ်မံတင်သွင်းရန်ဆုံးဖြတ်ခဲ့ကြသည်။

ထိုအချိန်က ကရင်တိုင်းရင်းသားတို့သည်  နှစ်သစ်ကူးကျင်းပရက်နှင့်ပတ်သက်၍ကျင်းပပြုလုပ်ခဲ့သော နေ့၊ ရက်၊ လများမှာ ဒေသတစ်ခုနှင့်တစ်ခု၊ ဘာသာဝင်တစ်မျိုးနှင့်တစ်မျိုး မတူကွဲပြားရှိနေသည်။ ထို့ကြောင့် ကရင်တိုင်းရင်းသားလူမျိုးများအတွက် နှစ်သစ်ကူးနေ့သတ်မှတ်ရန် သက်ကြီးဝါကြီးကရင်အမျိုး သားများနှင့်ဆွေးနွေးကြရသည်။ သုတေသနပြုချက်များအရ ကရင်လူမျိုးများအနေဖြင့် မြန်မာနိုင်ငံသို့စတင် ရောက်ရှိခဲ့သည်မှာ ဘီစီ ၇၃၉  ခုနှစ်ဖြစ်သည့်အတွက် ထိုနှစ်မှစတင်ကာ ကရင်သက္ကရာဇ်အဖြစ်စတင် ရေတွက်ခဲ့ကြသည်။ ထိုစဉ်က လွှတ်တော်အမတ် စောဂျွန်ဆင်ဒီဖိုးမင်းသည် အားလုံး၏သဘောတူညီမှု ရယူကာ သလေလဆန်း ၁ ရက်ကို ကရင်နှစ်သစ်ကူးနေ့အဖြစ် လွှတ်တော်သို့တင်သွင်းခဲ့သည်။

ကရင်နှစ်သစ်ကူးနေ့ နေ့ထူးနေ့မြတ်အဖြစ် ပထမဆုံး အစိုးရအသိအမှတ်ပြုရုံးပိတ်ရက်မှာ ၁၉၃၈ ခုနှစ်၊ ဇန်နဝါရီ ၁ ရက် (၁၂၉၉ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက်) ကရင်သက္ကရာဇ် ၂၆၇၇ (စနေနေ့)ဖြစ်သည်။ ထိုအချိန်မှစ၍  ယနေ့တိုင်  ကရင်အမျိုးသားအားလုံးအတွက်  ကရင်နှစ်သစ်ကူးနေ့မှာ (သလေလဆန်း ၁ ရက်) ပြာဆိုလဆန်း ၁ ရက်နေ့အဖြစ်သတ်မှတ်ကျင်းပလာခဲ့သည်မှာ ယခုနှစ်တွင် (၈၃) ကြိမ်တိုင်ခဲ့ပြီဖြစ်ပေ သည်။ နှစ်သစ်ကူးနေ့သည်  ကရင်အမျိုးသားအားလုံး၏ စည်းလုံးညီညွတ်ရေးကိုတည်ဆောက်ပေးခဲ့သော သမိုင်းဝင်နေ့လည်းဖြစ်သည်။ ထိုနေ့ကို ကရင်တစ်မျိုးသားလုံး၏ မိဘဘိုးဘေးတို့ထံမှ လက်ဆင့်ကမ်းပေးခဲ့သည့် တစ်ခုတည်းသော အမွေအနှစ်နေ့ကြီးရက်မြတ်အဖြစ်ဂုဏ်ယူကြသည်။

ကရင်နှစ်သစ်ကူးနေ့တွင် ကရင်အမျိုးသားတို့ နှစ်သစ်မင်္ဂလာကျင်းပရာတွင် ရိုးရာဓလေ့အတိုင်း  အတီးအမှုတ်ပျော်ပွဲရွှင်ပွဲများကျင်းပခြင်း၊ သက်ကြီးဝါကြီးဘိုးဘွားမိဘများအားဂါရဝပြုပြီး ကောက်သစ်စားသောက်ဖွယ်ဖြင့်ပူဇော်ကန်တော့ကျွေးမွေးခြင်း၊ လက်ဆောင်ပစ္စည်းများပေးကမ်းလှူဒါန်းခြင်း၊ လူမျိုးမရွေး၊ ဘာသာမရွေး  လူအပေါင်းတို့အားဆုတောင်းမေတ္တာပို့သခြင်း  စသည့်မွန်မြတ်သောကရင်တိုင်းရင်းသား တို့၏ရိုးရာယဉ်ကျေးမှုအစဉ်အလာသည် ချစ်မြတ်နိုးဖွယ်ရာဂုဏ်ဒြပ်ကိုထင်ဟပ်ပေါ်လွင်စေသည်။ ဤကဲ့သို့ မိမိတို့ချစ်မြတ်နိုးသော ကိုယ်ပိုင်ယဉ်ကျေးမှုအစဉ်အလာကောင်းများကို စောင့်ရှောက်ဖော်ထုတ်မြှင့်တင်ခြင်း၊ မိမိအမျိုးသားစာပေ၊  ယဉ်ကျေးမှုဓလေ့ထုံးစံများကို  ထိန်းသိမ်းစောင့်ရှောက်ကာကွယ်ဖော်ထုတ်ခြင်းတို့သည် လွန်စွာကောင်းမြတ်သောအစဉ်အလာဖြစ်ပေသည်။

နှစ်ဟောင်း၏အတွေ့အကြုံနှင့်အကောင်းအဆိုးများကို ပြန်လည်သုံးသပ်၍ နှစ်သစ်တွင် တိုင်းပြည် နှင့်လူမျိုးအကျိုးရှိစေရေး ပိုမိုလုပ်ဆောင်ဖွယ်ရာများကို စီစဉ်လုပ်ဆောင်ကြသည်။ကရင်အမျိုးသားတို့၏ နှစ်သစ်ကူးနေ့အချိန်အခါသမယသည် နှစ်သစ်ကူးအထိမ်းအမှတ် နှစ်သစ်မင်္ဂလာပြုခြင်းဖြစ်ပြီး ရောက်ရှိ လာမည့်နှစ်သစ်ကို မွန်မြတ်သောစိတ်ဓာတ်ဖြင့် ရွှင်လန်းဝမ်းမြောက်စွာ ကြိုဆိုကြခြင်းဖြစ်သည်။ ထို့ကြောင့် နှစ်သစ်တွင် စိတ်သစ်၊ အားမာန်သစ်များနှင့်အတူ ပြည်နယ်နှင့် နိုင်ငံတော်အကျိုးစီးပွား ဖြစ်ထွန်းလာရေးကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နိုင်ပါစေကြောင်း ဆုတောင်းလိုက်ရပေသည်။   ။