စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ချပ်သင်းတောရိုင်း တိရစ္ဆာန်ဘေးမဲ့ တောရှိ မှတ်တမ်း မတင်ရသေးသော သဘာဝ ငှက်မျိုးစိတ်နှစ်ခုကို ယခုလအတွင်း မှတ်တမ်းတင်နိုင်ခဲ့ကြောင်း ချပ်သင်းတောရိုင်း တိရစ္ဆာန်ဘေးမဲ့တောမှ တောအုပ်ကြီး ဦးဝင်းဇော်လွန်း၏ ပြောဆို ချက်အရ သိရသည်။
အဆိုပါငှက်မျိုးစိတ်နှစ်ခုမှာ မျက်မည်းငှက်ပြာလေးနှင့် ရေညှောင့်စိမ်း တို့ဖြစ်ပြီး ဘေးမဲ့တော၏ မြောက်ဘက်ခြမ်း သော်ချောင်းတစ်လျှောက်ရှိ ကန့်ဘလူမြို့နယ် အပိုင်း၌ တွေ့ရှိ မှတ်တမ်း တင်နိုင်ခဲ့ခြင်း ဖြစ်သည်။
''အဓိကက ခြောက်နှစ်လောက်အတွင်း ငှက်မျိုးစိတ်တွေကို လေ့လာမှတ်တမ်း တင်ခဲ့ပေမယ့် ခြုံငုံပြီး သုတေသနလုပ်ရတာ ဖြစ်တဲ့အတွက် မှတ်တမ်းတင်နိုင်ခဲ့ တာလည်းရှိတယ်၊ မတင်နိုင်ခဲ့တာတွေ လည်းရှိတယ်။ ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်အရ ငှက်မျိုးစိတ်တွေ ထပ်ရောက်လာတာလည်း ဖြစ်နိုင်တယ်''ဟု ဦးဝင်းဇော် လွန်းကပြောသည်။
အဆိုပါဘေးမဲ့တော၌ ယခင်က မှတ်တမ်းတင်ထားသည့် ငှက်မျိုးစိတ် ၂၆၂ မျိုးရှိပြီး ယခုထပ်မံတွေ့ရှိသည့် ငှက်မျိုးစိတ် နှစ်မျိုးနှင့် ပေါင်းပါက ငှက်မျိုးစိတ် ၂၆၄ မျိုးရှိပြီဖြစ်ကြောင်း၊ ယင်းဘေးမဲ့တောသည် အဓိကအားဖြင့် မြန်မာတစ်နိုင်ငံ တည်းတွင်သာ တွေ့ရှိရသော မြန်မာ့ရွှေသမင် မျိုးစိတ်ကို အဓိက ထိန်းသိမ်းနေ သည့် ဘေးမဲ့တောဖြစ်ပြီး နို့တိုက်သတ္တဝါ ၁၂ မျိုး၊ အပင်မျိုး စိတ် ၁၁၁ မျိုးရှိကြောင်း သိရသည်။