ဂက်အိုးတင်ယာဉ်တိမ်းမှောက်၍ မီးလောင်ကာ နေအိမ်သုံးလုံးအား မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွား

 

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ ရွှေပြည်သာရပ်ကွက် မြရည်ပုလဲလမ်း၌ ဇန်နဝါရီ ၁၅ ရက် နံနက် ၁၂ နာရီ၄၅ မိနစ်တွင် ဂက်အိုးများတင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီးတိမ်းမှောက်၍ မီးလောင်ကာ အနီးအနားရှိ နေအိမ်သုံးလုံးသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားပြီး အမျိုးသား တစ်ဦးသေဆုံးကြောင်း  သိရသည်။

ဖြစ်စဉ်မှာ ကော့သောင်းမြို့အဝင် ၁၂မိုင် စစ်ဆေးရေးဂိတ်မှတစ်ဆင့် ယာဉ်မောင်းအောင်ကိုလွင် မောင်းနှင်လာသည့်  ဖူဆို၁၀ ဘီး အဖြူရောင်ယာဉ်သည် ဂက်အိုးကြီးများတင်ဆောင်ကာ ကော့သောင်း မြို့တွင်းသို့  ခုနစ်မိုင်မြို့ပတ်လမ်းမှတစ်ဆင့် မောင်းနှင်ဝင်ရောက်လာစဉ် ရွှေပြည်သာရပ်ကွက်   မြရည်ပုလဲလမ်းကုန်းဆင်းအရောက် တိမ်းမှောက်ကာ ဂက်အိုးများပေါက်ကွဲ၍ မီးလောင်ရာ  အနီးအနားရှိ နေအိမ်များသို့ ထပ်မံကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

အခင်းဖြစ်ပွားရာသို့   ကော့သောင်းခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများရောက်ရှိကာ   ကော့သောင်းခရိုင်မီးသတ်ဦးစီးမှူးပါ သန္ဓေတပ်ဖွဲ့ဝင် ၂၀ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၂၅ ဦးတို့က မီးငြှိမ်းသတ်ယာဉ် လေးစီး၊ ရေသယ်ယာဉ်  တစ်စီး၊ အရပ်ဘက်ရေသယ်ယာဉ်နှစ်စီးဖြင့် ဝိုင်းဝန်းငြှိမ်း သတ်ရာ နံနက် ၁ နာရီ ၂၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ခြင်းဖြစ်သည်။

မီးလောင်မှုဖြစ်စဉ်ကြောင့် စုစုပေါင်းတန်ဖိုးငွေကျပ် ၈၆၇၀၀၀၀ ခန့် ဆုံးရှုံးခဲ့ရပြီး နေအိမ်တစ်လုံးမှ အသက် ၃၀ နှစ်ဝန်းကျင်ခန့် အမျိုးသားတစ်ဦး  (အမည်စိစစ်ဆဲ)သေဆုံးခဲ့သည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ အောင်ကိုလွင်အား  ကော့သောင်းမြို့နယ်ရဲစခန်းက (ပ)၁၄/၂၀၂၁၊ ရာဇသတ်ကြီးဥပဒေပုဒ်မ၃၀၄-(၂၅၈-၂၇၉)ဖြင့်    အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း    သိရသည်။