ဂျပန်နိုင်ငံ၌ မြေဈေးများနှစ်နှစ်ဆက်တိုက်ကျဆင်း

ဂျပန်နိုင်ငံ၌ မြေဈေးများနှစ်နှစ်ဆက်တိုက်ကျဆင်း

  ဂျပန်နိုင်ငံ၌  ကိုဗစ်-၁၉  ရောဂါကို တိုက်ဖျက်နိုင်ရန် အစိုးရက အရေးပေါ် အခြေအနေထုတ်ပြန်ခြင်းနှင့် နယ်စပ်များကို ပိတ်ထားခြင်းတို့က စားသောက်ဆိုင်များနှင့်ဟိုတယ်အသစ်များ လိုအပ်ချက်အပေါ် ထိခိုက်လာသည့်အတွက်  မြေဈေးများ နှစ်နှစ်ဆက်တိုက်  ကျဆင်းလာကြောင်း အစိုးရ၏ နှစ်ပတ်လည် လေ့လာမှုစာတမ်းတွင် ဖော်ပြထားသည်။

သို့သော်  ကပ်ရောဂါက စီးပွားရေးကို ပြန်လည်ပုံဖော်မှု လက္ခဏာတစ်ရပ် အဖြစ် စက်မှုဇုန်များအတွက် မြေဈေးမှာမူ လေးနှစ်ဆက်တိုက် မြင့်တက်လာသည်။

အဓိကအားဖြင့် နေအိမ်တွင်နေထိုင်ရေး ထုတ်ပြန်ချက်များကြောင့်  ဝယ်လိုအား မြင့်တက်လာသည့် လျှပ်စစ်ပစ္စည်းများနှင့် အခြားသော ကုန်ပစ္စည်းများကို သိုလှောင်သိမ်းဆည်းနိုင်ရေး အတွက်  ဂိုဒေါင်များ လိုအပ်ချက် မြင့်တက်လာခြင်းကြောင့် ဖြစ်သည်။

တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ကြည့်လျှင် ယခုနှစ်အတွင်း ဇူလိုင်လအထိ မြေဈေးမှာ  သုည ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းကာ ပြီးခဲ့သည့် နှစ်တစ်နှစ်လုံးတွင်မူ သုည ဒသမ ၆ ရာခိုင်နှုန်းအထိ ကျဆင်းကြောင်းတွေ့ရသည်။

ဂျပန်နိုင်ငံ၏လူဦးရေ ကျဆင်းမှုကြောင့် နှစ်ပေါင်း ၃ဝ နီးပါး  ကြာသည်အထိ ကျဆင်းမြဲဖြစ်သည့် လူနေရပ်ကွက်များ အတွင်းရှိ မြေဈေးများမှာ ပြီးခဲ့သည့်နှစ်တွင် သုည ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းရာမှ ယခုနှစ်တွင် သုည ဒသမ ၅ ရာခိုင်နှုန်းအထိ ဆက်လက် ကျဆင်းနေသည်။

ဂျပန်နိုင်ငံအနေဖြင့် ကမ္ဘာ့ကပ်ရောဂါကြောင့် အကျိုးအမြတ် ရရှိနိုင်စွမ်း ကျဆင်းမှု၊ ဝယ်လိုအား ကျဆင်းမှုနှင့် အလားအလာ မကောင်းသည့် အနာဂတ်တို့ကြောင့် မြေဈေးများ ဆက်လက်ကျဆင်းနေမည်ဟု မြေယာဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ကမ္ဘာ့ကပ်ရောဂါမဖြစ်ခင် ကာလများက ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ စီးပွားရေးမြှင့်တင်မှု မူဝါဒများကြောင့် ဗဟိုဘဏ်မှ ငွေကြေးများစွာ ထွက်လာခြင်းနှင့် မြင့်တက်လာသည့် ခရီးသွားများ၏ တည်းခိုရေးအတွက် ဟိုတယ်ဆောက်လုပ်မှုများ တိုးမြင့်လာခြင်းကြောင့် မြေဈေးနှုန်းများမှာ မြင့်တက်ခဲ့ဖူးကြောင်း သိရသည်။