
ယမန်နေ့မှအဆက်
တက္ကသိုလ်ကျောင်းဖွင့်၍ ပြန်သွားရတော့မည့်အခါတွင် မောင်ငြိမ်းချမ်း ချွေချွေတာတာသုံး၍ ချန်ထားသော ငွေလက် ကျန်ရှိပါ၏။ သို့သော် ဦးလေးက မိဘတို့ ထုံးစံအတိုင်း ကျောင်းသွားမည့် မောင်ငြိမ်းချမ်းကို ပိုက်ဆံ ပေးချင်သည်။ ''မခင်ရေ...လုပ်ပါဦး၊ လူလေး ကျောင်းသွားတော့မှာ ပိုက်ဆံပေးဖို့လုပ်ပါဦး'' မောင်ငြိမ်းချမ်း၏ နှမကို လှမ်းပြောသည်။
မောင်ငြိမ်းချမ်း သိပါသည်။ အိမ်မှာပိုက်ဆံမရှိ။ နှမလေးက ရက်ကန်းခတ်ပါသည်။ လက်ခစားနှင့်ခတ်ရ ခြင်းဖြစ်၏။ သို့သော် ထိုလက်ခလေးများမှာ လယ်စရိတ်၊ ယာစရိတ် မပေးမဖြစ်သည်တို့အတွက် ကြိုတင်ယူသုံး ထားပြီးဖြစ်ပါသည်။
နှမလေးက ဘာမျှမပြောပါ။ မရှိဘူး မပြောချင်၍ ဖြစ်ပါသည်။ ''မလိုဘူးဦးလေး...ကျွန်တော့်မှာရှိတယ် နေပါစေ...မပေးနဲ့တော့...''
သို့သော် နှမလေး ရွာထဲသို့ထွက်သွားပါပြီ။ ပိုက်ဆံသွားချေးခြင်းဖြစ်ပါသည်။ မောင်ငြိမ်းချမ်းသိပါသည်။ သူနှင့် ရင်းနှီးခင်မင်သော ကုန်စုံဆိုင်ပိုင်ရှင်ဒေါ်သိန်းထည် ထံသွားမည်ဖြစ်ပါသည်။
''နေပါစေ...ဦးလေး ကျွန်တော်သွားတော့မှာ... နောက်ကျနေလိမ့်မယ်...''
''နေစမ်းပါဦးကွ...နွားတွေလည်းစားတုန်းရှိပါ သေးတယ်...ခဏလေးပါ...''
ဦးလေးက စဉ့်ကိုင်ကားဂိတ်အထိ လှည်းဖြင့်လိုက်ပို့ မည်ဖြစ်သည်။ သိပ်မကြာပါ နှမလေးပြန်လာသည်။ နွားများလည်း စားပြီးပြီ။ အမေကြီးနှင့်ဦးလေးကို မောင်ငြိမ်းချမ်းကန်တော့သည်။ အမေကြီးက အင်္ကျီ အိတ်ထောင် ထဲမှ ငွေလေးနှစ်ဆယ်ထုတ်ပေးသည်။
နှမလေးပေးထားသောငွေဖြစ်သည်။ ''ဒါပဲလား... အဒေါ်ရယ်...နည်းလိုက်တာ...ထပ်ပေးလိုက်ပါဦး...'' အမေကြီး က ဘာမျှမပြော။ ဘေးမှာရှိသော နှမလေးကလည်း ဘာမျှမပြော။
ပြုံးချင်စရာကောင်းသော်လည်း မောင်ငြိမ်းချမ်းမပြုံးရက်။ ဒီငွေနှစ်ဆယ်ကိုပင် ဆန်ပေးပါမည်၊ ဆီပေးပါ မည်၊ ပဲပေးပါ မည်ပြော၍ ချေးလာခဲ့ရခြင်းဖြစ်မည်ကို ဦးလေးရော မောင်ငြိမ်းချမ်းပါသိပါသည်။ ထပ်အပေး ခိုင်း သော်လည်း ပေးစရာတစ်ပြားမျှမကျန်သည်ကို ဦးလေးသိပါသည်။ သို့သော် ပေးနိုင်သောငွေကနည်းနေ၍ စိတ်ထဲမှာ အားမရသောကြောင့် အပေးခိုင်းနေခြင်း သာဖြစ်ပါသည်။
''ရပြီ...ဦးလေး တော်ပြီ...မလိုတော့ဘူး။ ဒီက ပြန်ရင် စတိုင်ပင်လည်း ထုတ်ရဦးမှာ...'' ဦးလေးနှင့်အမေကြီး စိတ်ချမ်း သာအောင်ပြောရသည်။
ကျောင်းမြန်မြန်ပြီး ဘွဲ့မြန်မြန်ရ အလုပ်မြန်မြန်ရပြီး အမေကြီးနှင့် ဦးလေးကို လုပ်ကျွေးချင်လှပါပြီ။ အမေကြီး အတွက် သွေးအလှူ မောင်ငြိမ်းချမ်း တက္ကသိုလ်တတိယနှစ်မှာ အမေကြီး ၏ကျန်းမာရေးအားနည်းလာသည်။ မောင်ငြိမ်းချမ်း ရွာပြန်သွားသောအခါ ယခင်က ဝဝဖြိုးဖြိုးရှိခဲ့သော အမေကြီးမှာ မဝတော့ပါ။ ပိန်သည့်ဘက်သို့ ပင်ရောက် သွားပြီ။
''ငါ့မြေးရယ်...အမေကြီးအိပ်လို့မရတာ...နှစ်ည ရှိပြီ။ လက်အနာက တအားကိုက်တာပဲ...'' အမေကြီး၏လက်ကို မောင်ငြိမ်းချမ်းကြည့်လိုက် သည်။ လက်မတစ်ချောင်းလုံးရောင်ကိုင်းနေသည်။ ဘာလုပ်ရမည်ကို မောင်ငြိမ်းချမ်း နားလည်လိုက်ပါသည်။
''လာ အမေကြီး ဆေးရုံသွားမယ်...'' အိမ်မှလှည်းကို ကိုယ်တိုင်မောင်း၍ အမေကြီးကို စဉ့်ကိုင်ဆေးရုံလိုက်ပို့ သည်။ အမေကြီး၏လက်အနာကို ဆရာဝန်နှင့်ပြသည်။
ခွဲရမည်ဟု ဆရာဝန်ကပြောသည်။ ထုံဆေးရှိ၊ မရှိ မောင်ငြိမ်းချမ်းမေးသည် လုံးဝမရှိ။ မောင်ငြိမ်းချမ်းက ဆရာဝန်ကို ခေါင်းညိတ်ပြလိုက်သည်။
အမေကြီး၏လက်ကို မောင်ငြိမ်းချမ်းဆုပ်ကိုင်ပေးထားသည်။ အမေကြီး ကျွန်တော့်ကိုကြည့်နေ။ အမေကြီးက မောင်ငြိမ်းချမ်းကိုကြည့်ရင်း ကောင်းသည့်လက်ဖြင့် မောင်ငြိမ်းချမ်းလက်မောင်းကို ဆုပ်ကိုင်ထားသည်။ ဆရာဝန်က လက်မပေါ်ဓားတင်ခွဲလိုက်သည်။
မြန်သည်။ ရောင်ကိုင်းနေသောလက်မ ထက်ခြမ်းကွဲ သွားသည်။ ဆရာဝန်က တစ်ဆက်တည်းညှစ်ချလိုက် သည်။ အမေကြီးတစ်ချက်သာအော်လိုက်ရသည်။
သွေး ပြည်ပုပ်များ ထွက်သွားသည်။ ဆရာဝန်က လက်အနာကို သန့်စင်ဆေးကြောပြီး ဆေးထည့် ပတ်တီး စည်းသည်။ မြန်သည် ပြီးသွားပြီ။ အမေကြီးမနာတော့ပါ။ မကိုက်တော့ပါ။ ထိုညက အမေကြီးကောင်းစွာ အိပ်ရပါသည်။ အနာပျောက်သွားပြီး နောက်သုံးလအကြာမှာ အမေကြီးကို မန္တလေးဆေးရုံ မှာတင်ရသည်။ အမျိုးသမီး ဆိုင်ရာရောဂါ သားအိမ် ကို ထုတ်ရမည်ဟုဆိုသည်။ အမေကြီးကိုခွဲစိတ်ကုသ ရသည်။ သွေးလိုသည်။ ''အို''အမျိုးအစားဖြစ်သည်။
မောင်ငြိမ်းချမ်း ဝမ်းသာရသေးသည်။ ကိုယ့်သွေးက ''အို''မို့ ကျေးဇူးရှင်အမေကြီးကို သွေးလှူခွင့်ရသည်။
တက္ကသိုလ်မှ မောင်ငြိမ်းချမ်း၏သူငယ်ချင်းတစ်ယောက် ကလည်းလှူသည်။
''မသေပါနဲ့ဦး အမေကြီးရာ။ နောက်တစ်နှစ်ဆို ကျွန်တော်ပြီးတော့မှာပါ။ အမေကြီးကို ကောင်းကောင်း လုပ်ကျွေးချင်လို့ပါ...'' မောင်ငြိမ်းချမ်း တကယ်ပင်စိုးရိမ်စိတ်နှင့်တောင်း တောင်းပန်ပန်ပြောမိ၏။ ဘွဲ့ရအလုပ်ရ သည် အထိ အမေကြီးကျန်းမာစေချင်သည်။ အသက်ရှည်စေချင် သည်။
ဘဘဘုန်းဘုန်းကျန်းမာရေး အမေကြီးကျန်းမာနေကောင်းပြီး ဆေးရုံဆင်းသွား အမေကြီးအတွက် စိတ်အေးချမ်း သာ ဖြစ်ရသည်။
သို့သော် တတိယနှစ်စာမေးပွဲဖြေခါနီးမှာ မောင်ငြိမ်းချမ်း နေထိုင်ရာအိမ်သို့ အဒေါ်ကြီးတစ်ဦးရောက်လာသည်။ ဝမ်းတွင်းမြို့ သိမ်တောင်ကျောင်းတိုက်မှ တိုက်အုပ် ဆရာတော် ဦးကောသိယ ပျံလွန်တော်မူပြီဖြစ်၍ ဦးကောသိယနေရာတွင် တိုက်အုပ်ဆရာတော်တာဝန် ကို ထမ်းဆောင်နေသော ဘဘဘုန်းဘုန်း(ဆရာတော် ဦးအဂ္ဂဝံသ)မန္တလေးဆေးရုံကြီးမှာ ရောက်နေ၍ မောင်ငြိမ်းချမ်းကိုတွေ့လိုကြောင်း လာပြောသည်။
ဆေးရုံအခန်းနံပါတ်ကိုပေးသွားသည်။
ဇရာနှင့်မမြဲသောအနိစ္စကို မောင်ငြိမ်းချမ်းနားလည် သလိုခံစားရ၍ သံဝေဂဖြစ်မိသည်။ အဖေကြီးကဲ့သို့ပင် လည်ချောင်း ကင်ဆာဖြစ်သည်။ အဖေကြီးတုန်းက မန္တလေးမှာ ဓာတ်ရောင်ခြည်ကင်သော စက်မရှိ။ ယခု မန္တလေး ဆေးရုံကြီးမှာ ဓာတ်ကင်စက်ရှိ၍ ဘဘ ဘုန်းဘုန်းကို ကင်ထားပြီးပြီ။ ညနေကျောင်းပြီးသည်နှင့် မောင်ငြိမ်းချမ်း မန္တလေးဆေးရုံကြီးသို့သွား၍ အဖေကြီး ဘဘဘုန်းဘုန်းကိုတွေ့သည်။
မောင်ငြိမ်းချမ်း၏ကျေးဇူးရှင် ဘုန်းဘုန်းဖြစ်ပါ၏။ မောင်ငြိမ်းချမ်းကို ငယ်စဉ်က မန္တလေးမိဘမဲ့ကျောင်းသို့ ပို့ခဲ့သည်။ ဆယ်တန်းဖြေတော့လည်း ဘဘဘုန်းဘုန်း သီတင်းသုံးရာ သိမ်တောင်မှာ ခုနစ်ရက်စာကျက်ခဲ့ရ သည်။ ဘုန်းဘုန်းအဆက်အသွယ်နှင့် မိတ္ထီလာမှာ ဆယ်တန်းစာမေးပွဲဖြေဆိုအောင်မြင်ခဲ့ရသည်။
မောင်ငြိမ်းချမ်း ရောက်သွား၍ ဘုန်းဘုန်းဝမ်းသာ အားတက်ဖြစ်ပါသည်။ သို့သော် ကင်ဆာဆိုသည်က တော့ အားပျက်စရာ။
မောင်ငြိမ်းချမ်း နေ့စဉ်သွားသင့်သော်လည်း စာမေး ပွဲကကပ်နေပြီ။ နှစ်ရက်သွားပြီးသည်နှင့် စာမေးပွဲဖြေရပြီ။ မောင်ငြိမ်းချမ်းစာများကို မနားတမ်းကျက်ရသည်။
ကျက်ပြီးသည်နှင့်ဖြေရသည်။ ဆေးရုံသို့လေးရက်မရောက်။ အိမ်သို့စာလေး တစ်စောင်ရောက်လာသည်။ ဘုန်းဘုန်းက သူ့ကျန်းမာ ရေးအခြေအနေမကောင်းကြောင်း၊ လာတွေ့စေချင်ကြောင်းဖြစ်သည်။
''သြော် စာမေးပွဲနဲ့မှ တိုက်တိုက်ဆိုင်ဆိုင်...'' နောက်တစ်နေ့ စာမေးပွဲနားသည်။ ဘုန်းဘုန်းကို သွားတွေ့မည်ဟု ဆုံးဖြတ်ပြီး စာမေးပွဲဖြေရသည်။
နောက်တစ်နေ့သွားသောအခါ ဘုန်းဘုန်း ပျံလွန် တော်မူရှာပြီ။ မတွေ့လိုက်ရတော့ပါ။ ''သြော် ငါ့ဆီရေးတဲ့စာဟာ ဘုန်းဘုန်းရဲ့ နောက်ဆုံး ရေးတဲ့စာပါလား...''
စိတ်မကောင်းကြီးစွာဖြစ်ရသည်။ ဘုန်းဘုန်း၏ ရုပ်အလောင်းကို မပုပ်မသိုးအောင် ဆေးသွင်းပြီး သိမ်တောင် ကျောင်း တိုက်သို့ ပို့ပေးခဲ့ရသည်။
မောင်ငြိမ်းချမ်းကောင်းစွာကျေးဇူးဆပ်နိုင်သောအခြေ အနေသို့မရောက်မီ ကျေးဇူးရှင်များ တစ်ယောက်ပြီး တစ်ယောက် ကွယ်လွန်နေကြသည်မှာ စိတ်မကောင်းစရာ။
စိတ်ဝင်စားမိသောမိန်းကလေး တက္ကသိုလ် တတိယနှစ်ရောက်သောအခါ မောင်ငြိမ်းချမ်း မိန်းကလေးတစ် ယောက်ကို စိတ်ဝင်စား မိသည်။ တကယ်တော့ သူ့ကို သတိထားမိခဲ့တာကြာပါပြီ။ ပထမနှစ်က တည်းကပါ။ တွေ့တွေ့ ချင်းဟုလည်း ပြောနိုင်ပါသည်။ သူက သိပ်ကိုရှက်တတ်လွန်းသည့် မိန်းကလေး။
ဝတ်ပုံဆင်ပုံကလည်း မြန်မာမှုမြန်မာဟန် ယဉ်ယဉ် လေး။ ဆံပင်ကောင်းသည်။ ကေသာရစ်ခွေထုံးဖွဲ့ထား သည်က သေသပ်ကျစ်လျစ်သော ဆံထုံးကြီး။ ဆံထုံး ၏ညာဘက်ဘေးမှာ နှင်းဆီပွင့်တစ်ပွင့်ပန်ထားတတ် သည်။ တစ်ခါတစ်ရံ သရဖီပန်း၊ စံပယ်ပန်းကိုသီကုံး၍ ဆံထုံးမှာ ရစ်ခွေပန်တတ်သည်။
အရပ်က မနိမ့်မမြင့်၊ အသားကမဖြူမညို။ ကိုယ်ခန္ဓာက မပိန်မဝ၊ အချိုးအဆစ်ကျသည်။ လမ်းလျှောက်လျှင် ထိုခေတ်အခါက တက္ကသိုလ်ကျောင်းသူတို့၏ဟန်အတိုင်း စာအုပ်ကလေးများကို ရင်မှာပွေ့ပိုက်၍ ခါးကလေး နွဲ့ကာ နွဲ့ကာ စည်းချက်ကျစွာ သွားတတ်သည်။
တမင်လုပ်သည် မဟုတ်။ သူ၏ပင်ကိုဟန်။ မျက်နှာလေးက ရိုးရှင်းစွာလှသည်။ ယဉ်သည်။ ပြေပြစ်သည်။ ရှက်တတ် လွန်းသည်က မျက်နှာလေး ပို၍နုညက်ပြီး နှစ်သက်စရာ။
သူကျောင်းတက်ရန်လာလျှင် စာအုပ်ကလေးပိုက်ပြီး ကနွဲ့ကလျလမ်းလျှောက်သည်ကို စောင့်ကြည့်သော ကျောင်းသား များရှိသည်။ ပုံတူလျှောက်ပြတတ်သူ လည်းများသည်။ မောင်ငြိမ်းချမ်းတို့ အဆောင်မှ အခန်း နီးချင်း စိုင်းယုမွန်ဆိုလျှင် အကောင်းဆုံး တူအောင် လျှောက်ပြတတ်သည်။
သူရှက်ရွံ့စွာ လမ်းလျှောက်သည်ကို စောင့်ကြည့်ကြသော ကျောင်းသားများကြောင့်သူ့ခမျာ ခြေလှမ်းမှား၊ ကိုယ့်ခြေ နှင့် ကိုယ်တိုက်ပြီး လဲကျသည်ကိုကြားရသောအခါ မောင်ငြိမ်းချမ်း သနားစိတ်ဖြစ်မိသည်။
သူ့နာမည်က မို့မို့။ မုံရွာမြို့က။ မောင်ငြိမ်းချမ်း ပထမနှစ်ကတည်းက သတိထားမိသော်လည်း တက္ကသိုလ်ဘော်လီ ဘော လက်ရွေးစင်ရွေးထား၍ နေ့စဉ် ကွင်းဆင်းလေ့ကျင့်ရသည်။ ကိုယ်ကတော်လို့ အရွေး ခံရတာမဟုတ်။ အရပ်ရှည်၍ ရွေးထားခြင်းဖြစ်ကြောင်း၊ ကွင်းမဆင်းလျှင်ဖြုတ်ပစ်မည်ဖြစ်ကြောင်း အားကစား မှူးက သတိပေးထားသည်။ ညနေတိုင်း ဘော်လီဘော ကွင်းဆင်းကစားရသည်။ သူများတွေလိုရည်းစားထားပြီး ပါလာ (ဧည့်ဆောင်)သွားဖို့ စိတ်ကူးယဉ်၍မရ။ ခုတော့ အားကစားမှူး မောင်ငြိမ်းချမ်းကိုဖြုတ်မပစ်နိုင်တော့ပါ။ မောင်ငြိမ်း ချမ်း တတိယနှစ်ရောက်မှ ဘောလုံးကစား၍ ဒူးမှာဒဏ်ရာရခဲ့သည်။ အတွင်းမှအရွတ်စုတ်သွား၍ အားကစား မလုပ်နိုင်တော့ပါ။
ဆရာမကြီး ဒေါ်မိမိလေးကလည်း တတိယနှစ်ရောက်ပြီမို့ တက္ကသိုလ်မှာ ဘဝအဖော်ကို ရှာဖွေသင့် ကြောင်း သတိပေးသည်။
ဆရာမကြီးသတိပေးသည်နှင့် မို့မို့မျက်နှာလေးကို မြင်ယောင်လိုက်သည်။ သိမ်သိမ်မွေ့မွေ့နှင့် ရှက်ရွံ့ တတ်သော မိန်းကလေးကို ဘဝအဖော်အဖြစ် တမြတ် တနိုးတန်ဖိုးထားချင်သည်။ သို့သော် အလွန်ရှက်တတ်သော မိန်းက လေး မို့ စတင်ရန်ခက်ခဲသည်။ အနှောင့် အယှက်ပေးသလိုဖြစ်မှာစိုးသည်။ သို့သော် ကြာသည်နှင့် အမျှ နေမြင့်လေ အချစ် ရင့်လေဖြစ်ခဲ့သည်။
ခုတော့ တတိယနှစ် ရောက်ပြီ။ အချိန်က တစ်နှစ် ကျော်ကျော်သာ ကျန်တော့သည်။ စတင်ရန်ဆုံးဖြတ် လိုက် သည်။
မို့မို့နှင့်မောင်ငြိမ်းချမ်း မြန်မာစာအဓိကဘာသာတူ အတန်းတူမို့ စာသင်ခန်းမှာ နေ့စဉ်တွေ့နေရသည်။ ကြည့် လိုက်တိုင်း ယဉ်သည်၊ နုသည်၊ ရှက်တတ်သည်မို့ ကျက်သရေရှိသည်။ နှစ်သက်စိတ် တိုးရသည်။ တတိယနှစ် မြန်မာစာ အဓိကကျောင်းသား၊ ကျောင်းသူများ ကျောက်ဆစ်လုပ်ငန်းစာတမ်းပြုစုရန် မန္တလေး ဘုရားကြီး ကျောက် ဆစ်တန်းသို့ လေ့လာရေးထွက်ရာတွင် မို့မို့လိုက်ပါလာသည်။ မို့မို့နှင့်အတွဲဆုံးသူငယ်ချင်း လှလှရီကို မို့မို့မှာ ချစ်သူရှိ၊ မရှိ မေးကြည့်သည်။ မရှိ မှန်းသိသော်လည်း သေချာအောင်မေးခြင်းဖြစ်သည်။
''အမယ်လေး ဒီလောက်ရှက်တတ်တာ...မေးမှ မေးရက်တယ်...''
''ဒါဆို...သူတစ်သက်လုံး ယောကျ်ားမယူတော့ ဘူးလား...''
''ဒါတော့ ဘယ်သိမလဲ...''
ဆက်လက်ဖော်ပြပါမည်။