ငလျင်ဘေးနှင့်ဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လက်တွေ့ဇာတ်တိုက်လေ့ကျင့်

 

တနင်္သာရီ၊ သဘာဝဘေးကယ်ဆယ်ရေး

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း  ငလျင်ဘေးနှင့်အခြားသော သဘာဝဘေးအန္တရာယ် များကျရောက်လာပါက အထိရောက်ဆုံးနှင့်  အမြန်ဆုံးကယ်ဆယ်ရေး လုပ်ငန်းများကို တုံ့ပြန်ဆောင်ရွက် ပေးနိုင်ရန်အတွက်  ဇန်နဝါရီ ၁၀ ရက် နံနက်ပိုင်းမှစ၍ အခြေခံပညာအထက်တန်းကျောင်း (တနင်္သာရီ) ဝင်းအတွင်း ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ကြသည်။

အဆိုပါ  ဇာတ်တိုက်လေ့ကျင့်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ   ဦးမျိုးမျိုးနိုင်နှင့် ရှာဖွေ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၁၇ ဦး၊ မီးသတ်ရေယာဉ်နှစ်စီး၊  ခေတ္တ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ဝင်းဇော်ဦးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇော်ဇော်အောင်ဦးဆောင်၍ ကြက်ခြေနီ တပ်ဖွဲ့ဝင် ၁၂ ဦး၊    မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဦးကျော်ဆန်း၊ သုခရွှေရီ ကျန်းမာရေး အထောက်အကူပြုအသင်းမှတာဝန်ခံ ဦးတင်ထွန်းနှင့် လူနာတင်ယာဉ်တစ်စီး၊  အရန်မီးသတ် တပ်ဖွဲ့ဝင်များပါသော ပူးပေါင်းအဖွဲ့က အခင်းဖြစ်ပွားရာ ကျောင်းဝင်းအတွင်းသို့ မီးသတ်ယာဉ် နှစ်စီးဖြင့် ရောက်ရှိနေရာယူ ကြသည်။

ထို့နောက်  ရှာဖွေကယ်ဆယ်ရေးသုံး  ပစ္စည်းကိရိယာများကို ခင်းကျင်းခြင်း၊  ရွက်ဖျင်တဲပြင်ဆင်၍  ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ခြင်းတို့ကို  ပြင်ဆင်ဆောင်ရွက်ကြသည်။

ယင်းနောက် ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ငလျင်ဘေးဖြစ်ပွားသည့် အဆောက်အအုံအတွင်း ပိတ်ဆို့ဖိမိ နေသူများကို လိုက်လံရှာဖွေ၍ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ အသုံးပြုကာ ကယ်ထုတ်ပေးကြပြီး ဒဏ်ရာရရှိသူများအား မြို့နယ်ကြက်ခြေနီတပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်ရာ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ယာယီကယ်ဆယ်ရေးစခန်းသို့ ဆက်လက်သယ်ဆောင်၍ လိုအပ်သည့် ရှေးဦးပြုစုခြင်း နှင့် အရေးပေါ်နှလုံးနှိုးဆွ အသက်ရှူအားကူနည်း (CPR)တို့ဖြင့် ပြုစုပေးသည်။

ဆက်လက်၍ သုခရွှေရီကျန်းမာရေး အထောက်အကူပြုအသင်းမှ မော်တော်ယာဉ်ဖြင့် တင်ဆောင်၍ နီးစပ်ရာဆေးရုံသို့ပို့ဆောင်ပေးခြင်းတို့ကို အချိန်တိုအတွင်း  အလျင်အမြန်ပြီးစီးရန် ဇာတ်တိုက်လေ့ကျင့် ခဲ့ကြကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း