မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်ရှိ ရှေးဟောင်းသံတော်ကြားစေတီ(ဘုရားအမှတ်-၇)မှာ ကွဲအက်ပြိုကျမည့် အခြေအနေတွင်ရှိသဖြင့် ၂ဝ၂ဝ-၂ဝ၂၁ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေကျပ် သိန်း ၁ဝဝ ဖြင့် ပြုပြင်သွားမည်ဖြစ်ကြောင်းမကွေးတိုင်းဒေသကြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သိန်းထံမှ သိရသည်။
သံတော်ကြားစေတီတော် (ဘုရားအမှတ်-၇)မှာ မင်းဘူး-စကုကားလမ်းဘေး၌တည်ရှိပြီး စေတီတော်၏ မြောက်ဘက်တွင် မန်းချောင်းကမ်းပါးရှိကာ ၂ဝ၁၆ ခုနှစ်ကမြေငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့ခြင်းဖြစ်သည်။
''စေတီတော်မှာ အေဒီ ၁၈ ရာစုက တည်ခဲ့တဲ့စေတီတော်ဖြစ်ပါတယ်။ စေတီရဲ့အရပ်လေးမျက်နှာမှာ လှေကားတစ်စင်းစီ ပါဝင်တဲ့ လေးထောင့် ရင်ပြင်တော်ခုံပေါ်မှာ စေတီတည်ထားခြင်းဖြစ်ကာ ပစ္စယာသုံးဆင့်ပါဝင်ပြီး ပစ္စယာများရဲ့ အပေါ်မှာ ခေါင်းလောင်းပုံစေတီ တည်ထားတာဖြစ်ပါတယ်။ ၂ဝ၁၆ ခုနှစ်က မြေငလျင်ဒဏ်ကြောင့် စေတီတော်ရဲ့ သုံးပုံတစ်ပုံခန့် ပြိုကျပျက်စီးခဲ့ပါတယ်။ ရင်ပြင်တော်ခုံရဲ့ထောင့်တစ်ခုမှာ ခြင်္သေ့ရုပ်တစ်ရုပ်သာ ကျန်ရှိခဲ့လို့ ယခုအခါ ရင်ပြင်တော်မှ အုတ်များပြိုကျ ပျက်စီးမှုတွေ ရှိနေပါတယ်''ဟု ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သိန်းက ပြောသည်။
ပြိုကျပျက်စီးနေသည့် ဘုရားအမှတ်-၇ အား ပြည်ထောင်စုရန်ပုံငွေ ကျပ်သိန်း ၁ဝဝ ဖြင့် ရှေးဟောင်းစေတီတော်အတွင်း ပေါင်းမြက်များ သန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ ဝါးငြမ်းနှစ်ထပ်ဆင်ခြင်း၊ ဆွေးမြည့်အုတ်များကို စနစ်တကျ ဖယ်ထုတ်ခြင်း၊ အုတ်ဟောင်း ၆ဝ ရာခိုင်နှုန်း ပြန်သုံး၍ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်း၊ အုတ်စီထားသောအုတ်ဆက်ကြောင်းများကို ရှေးမူမပျက်စေရန် ပြုလုပ်ခြင်း၊ ထုံး၊ ကွန်ကရစ်နှင့် ၂ လက်မထုရေပိတ်လွှာ အခင်းလောင်းခြင်း၊ ကြံ့ခိုင်မှု ရှိစေရန် အက်ကြောင်းများ အတွင်းသို့ အင်္ဂတေဖျော်ရည်လောင်းခြင်း၊ အုတ်နီမှုန့်၊ ထုံးသရွတ် ၁ လက်မထု ပြန်လည်အချောကိုင်ခြင်း၊ ၂ လက်မသံပြား ရွယ်စုံအသုံးပြု၍ သံခါးပတ်ပတ်ခြင်း၊ သံခါးပတ်ပေါ်တွင် ဆေးနှစ်ထပ်သုတ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်သည်။
ရှေးဟောင်းစေတီ၊ ပုထိုးများ၊ ကျောင်း၊ကန်၊ ဇရပ်များကို ပြုပြင်ထိန်းသိမ်းရာတွင် သမိုင်းအရအရေးပါမှု၊ ယဉ်ကျေးမှုတန်ဖိုး မြင့်မားမှု၊ ဗိသုကာနှင့် အနုလက်ရာများ ကျန်ရှိမှု၊ တည်နေရာ အနေအထားနှင့် ပတ်ဝန်းကျင်မြင်ကွင်း၊ ဘာသာရေးအရ အလေးထားမှု၊ ဆက်နွှယ်မှု၊ ယဉ်ကျေးမှု၊ ဒေသ၏မြင်ကွင်းအနေအထား၊ လတ်တလောပြိုကျပျက်စီးနိုင်မှု အခြေအနေပေါ်တွင် မူတည်ကာ ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ သိရသည်။