စက္ကူဖြင့်ပြုလုပ်ထားသော ရောင်စုံမီးပုံးများနှင့် ဆီမီးခွက်များ ရောင်းအားကောင်း

မိတ္ထီလာမြို့နယ်၌ သီတင်းကျွတ် မီးထွန်းပွဲတော်တွင် ဆီမီးပူဇော်ရန်အတွက် စက္ကူဖြင့်ပြုလုပ်ထားသော ရောင်စုံမီးပုံးများနှင့် ဆီမီးခွက်များ ရောင်းအားကောင်းလျက် ရှိကြောင်း သိရသည်။

မြန်မာ့ရိုးရာ ၁၂ လရာသီပွဲတော်များမှ  သီတင်းကျွတ်မီးထွန်းပွဲတွင် စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊  ဇရပ်များ၊ လမ်းများ၊  နေအိမ်များတွင် ဘုရားဆီမီး ပူဇော်ခြင်း၊ ဖယောင်းတိုင်ထွန်း ပူဇော်ခြင်းအပြင် စက္ကူဖြင့်ပြုလုပ်ထားသော ရောင်စုံမီးပုံးများဖြင့် အလှဆင်လျက်ရှိသည်။

၎င်းအပြင် ကလေးများကလည်း ရောင်စုံကားလေးများ၊ အရုပ်လေးများဖြင့် ဆော့ကစားကြသည်။

ထိုသို့စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ဇရပ်များ၊ လမ်းများတွင် ဆီမီးပူဇော်ရန် အတွက် ဆီမီးခွက်များကို အသုံးပြုလျက်ရှိရာ မိတ္ထီလာမြို့နယ်အတွင်းရှိ သီတက္ကန်ကျေးရွာမှ ထွက်ရှိသော ဆီမီးခွက်များကို နှစ်စဉ်သီတင်းကျွတ် လဆန်း ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် မိတ္ထီလာဈေးသို့ ဆီမီးခွက် ၁ဝ ခွက်ကို ငွေကျပ် ၅ဝဝ နှုန်းဖြင့်ရောင်းချပေးကြောင်း   ဝက်ချောက်ကျေးရွာ ဆီမီးခွက်ရောင်းချသူ တစ်ဦးထံမှ သိရသည်။

မိတ္ထီလာမြို့နယ်တွင် သီတင်းကျွတ်မီးထွန်းပွဲတွင် ဆီမီးထွန်းခြင်း၊ ရောင်စုံမီးပုံးများဖြင့် နှစ်စဉ်မီးပူဇော်ကြသော်လည်း ယခုကာလတွင် လူစုလူဝေးဖြင့် စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများတွင် ဆီမီးပူဇော်ခြင်း မပြုလုပ်သော်လည်း သက်ဆိုင်ရာ ဂေါပကများက ဆီမီးပူဇော်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။