စက်ကိရိယာမောင်းနှင်ပြင်ဆင်ခြင်းသင်တန်းများအပြင် လယ်ယာလုပ်ငန်းခွင်အရောက် ဝန်ဆောင်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
လယ်ယာစိုက်ပျိုးသူများအတွက် စက်ကိရိယာ မောင်းနှင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အခမဲ့သင်တန်းပေးခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် လယ်ယာ လုပ်ငန်းခွင်အရောက် စက်ကိရိယာပြင်ဆင်ခြင်း ဝန်ဆောင်မှုလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန စက်မှုလယ်ယာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးကျော်ထွန်းအေး၏ ပြောကြားချက်အရ သိရသည်။
“အခုဆိုရင် လယ်ယာသုံးစက်ကိရိယာ အသုံးပြုတဲ့တောင်သူတွေ တဖြည်းဖြည်း များလာပြီ။ စက်ကိုမောင်းတတ်ပေမယ့် ပြင်ဆင်တဲ့အခါ အခက်အခဲရှိတဲ့အတွက် စက်ပြင်စခန်းတွေမှာ ပြင်ပေးတာတွေရှိသလို ကွင်းဆင်းပြီးတော့ ပြင်ပေးတာတွေ လည်းရှိတယ်။ ဝန်ဆောင်မှု လုပ်ငန်းတွေကိုလျှော့ပြီး တောင်သူပညာ ပေးလုပ်ငန်း၊ တောင်သူတွေရဲ့စက်တွေကို ပြင်ဆင်ပေးတဲ့လုပ်ငန်း၊ စနစ်ကျလယ်ယာမြေ ဖော်ထုတ်တဲ့ လုပ်ငန်းနဲ့ စက်ကိရိယာ အမျိုးအစားသစ်တွေကို တောင်သူတွေ သုံးတတ်အောင် သရုပ်ပြတဲ့လုပ်ငန်းတွေကို အဓိကဆောင်ရွက်တာဖြစ်ပါတယ်” ဟု ဦးကျော်ထွန်းအေးက ပြောသည်။
ထို့ပြင် နေပြည်တော်ရှိ ရေဆင်း၊ ပဲခူးမြို့ရှိ ဘုရားကြီးနှင့် မိတ္ထီလာမြို့တို့၌ ဖွင့်လှစ်ထားသော သင်တန်းကျောင်းသုံးကျောင်းနှင့် ရန်ကုန်မြို့ရှိ ကျိုက္ကလော့၊ ကျောက်ဆည်-အင်းကုန်း၊ ပျဉ်းမနား၊ ဟင်္သာတ၊ မကွေး၊ မုံရွာ၊ မြောင်းမြ၊ မအူပင်၊ ရွှေညောင်နှင့် သထုံမြို့နယ်တို့ရှိ စက်မှုလယ်ယာစက်ပြင် အလုပ်ရုံ ၁၀ ရုံ၌ စက်ကိရိယာ မောင်းနှင်ပြင်ဆင်ခြင်း သင်တန်းများ ပို့ချပေးလျက်ရှိသည်။
ထိုသို့သင်တန်းပေးရာတွင် သင်တန်း ကျောင်းများ၌ စက်ကိရိယာကိုင်တွယ် မောင်းနှင် ထိန်းသိမ်းမှုသင်တန်းကို နှစ်လ သင်တန်းအဖြစ်လည်းကောင်း၊ ပြင်ဆင် ထိန်းသိမ်းမှု သင်တန်းများကို စက်ပြင် အလုပ်ရုံ ၁၀ ရုံ၌ တစ်လသင်တန်းအဖြစ်လည်းကောင်း သင်ကြား ပို့ချပေးလျက်ရှိကြောင်းနှင့် အခြေခံလယ်ယာသုံး စက်ကိရိယာ မောင်းနှင် ထိန်းသိမ်းခြင်းသင်တန်းများကို မြို့နယ်စက်ပြင်စခန်း ၁၁၈ ခု၌ နှစ်ပတ်ကြာ သင်ကြားပို့ချပေးလျက်ရှိ ကြောင်း သိရသည်။
နေနေ