စင်ကာပူအစိုးရက ပြည်တွင်းအလုပ်သမားများ အတွက် အလုပ်ရှင်များကို ဒေါ်လာသန်း ၉ဝဝ ထောက်ပံ့ပေး

စင်ကာပူအစိုးရက ပြည်တွင်းအလုပ်သမားများ အတွက် အလုပ်ရှင်များကို ဒေါ်လာသန်း ၉ဝဝ ထောက်ပံ့ပေး

စင်ကာပူအစိုးရသည် ပြည်တွင်းအလုပ်သမားများ အတွက် ရည်ရွယ်၍ အလုပ်ရှင်များကို စင်ကာပူ ဒေါ်လာသန်း ၉ဝဝ ထောက်ပံ့ပေးမည်ဖြစ်ပြီး ထိုငွေများကို စက်တင်ဘာ ၃ဝ ရက်မှစ၍ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းအလုပ်သမား ၅၇ဝဝဝဝ ကျော်၏ လုပ်ခလစာများအတွက်  အလုပ်ရှင် ၄၃၉ဝဝ ကျော်ကို ထောက်ပံ့ကြေးများ ပေးအပ်ခြင်းဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပြည်တွင်းအခွန် အာဏာပိုင်အဖွဲ့က စက်တင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါထောက်ပံ့ကြေး ပေးမှုကို ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလတွင် စတင်သည့် ပေါင်းစည်းမှု ဘတ်ဂျက်အရ ထုတ်ပေးနေ ခြင်းဖြစ်ပြီး ယခုအခါ ထိုသို့ထောက်ပံ့မှုစုစုပေါင်း စင်ကာပူဒေါ်လာ ၂၇ ဒသမ ၆ ဘီလီယံ ရှိလာပြီဖြစ်သည်။

အထူးသဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်ရသည့် ကုမ္ပဏီများ အနေဖြင့် စင်ကာပူနိုင်ငံသားများနှင့်  အမြဲတမ်းနေထိုင်သူများကို လစာများ ဆက်ပေးနိုင်ရေးအတွက် အစိုးရက ထောက်ပံ့ပေးခြင်းဖြစ်သည်။

ယခုထုတ်ပေးသည့်  ထောက်ပံ့ကြေးသည် ဧပြီလမှဇူလိုင်လအထိ လစာများဖြစ်ပြီး ကဏ္ဍအသီးသီး အလိုက်ရှိ လုပ်ငန်းများမှ ဝန်ထမ်းများကို လအသီးသီးခွဲကာ အချိုးကျထောက်ပံ့ သွားမည်ဖြစ်ကြောင်း သိရသည်။