စစ်ကိုင်းတိုင်းဒေသကြီး စက်မှုလယ်ယာဌာနမှ တောင်သူလယ်သမားများ အသုံးပြုနိုင်ရန် လယ်ယာသုံး စက်ကိရိယာအစီးရေ ၁၅ဝဝ ကျော် ဝယ်ယူထား

၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ တောင်သူလယ်သမားများ အတွက် လိုအပ်သော လက်တွန်းထွန်စက်များ၊ မြင်းကောင်ရေ ၉ဝ ရှိ ထွန်စက်ကြီးများနှင့် ကူဘိုတာရိတ်သိမ်းခြွေလှေ့စက် အပါအဝင် လယ်ယာသုံး စက်ကိရိယာ အစီးရေ ၁၅၄၄ စီးဝယ်ယူထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာန ဦးစီးမှူး ဦးကိုကိုထံမှ သိရသည်။

''စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ကျွဲ၊ နွားတွေကို အသုံးပြုလုပ်ကိုင်နေရာက အခုနောက်ပိုင်းမှာ လုပ်ငန်းဖြစ်ထွန်းမှု ပိုမိုမြန်ဆန်တဲ့ စက်ကိရိယာတွေကို အမှီပြုလာကြတာ များလာတယ်။ အဲဒီအတွက် တောင်သူတွေအတွက် မရှိမဖြစ် လိုအပ်လာပြီဖြစ်တဲ့ လယ်ယာသုံး စက်ကိရိယာတွေကို တတ်နိုင်တဲ့တောင်သူတွေက လက်ငင်းငွေချေစနစ်နဲ့ ဝယ်ယူအသုံးပြုကြသလို လက်ငင်းငွေချေစနစ်နဲ့ ဝယ်ယူဖို့အဆင်မပြေတဲ့ တောင်သူတွေကိုလည်း ကျွန်တော်တို့ဌာနကပဲ လယ်ယာသုံးစက်ကိရိယာ ရောင်းချပေးတဲ့ ပြင်ပကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပေးပြီး အရစ်ကျငွေချေစနစ်နဲ့ ဝယ်ယူနိုင်အောင်လို့  စီစဉ်ပေးတာဖြစ်ပါတယ်'' ဟု စစ်ကိုင်းတိုင်းဒေသကြီး စက်မှုလယ်ယာ ဦးစီးဌာန ဦးစီးမှူး ဦးကိုကိုက ပြောသည်။

လယ်ယာသုံး စက်ကိရိယာများ ဝယ်ယူမည့်သူများကို စက်မှုလယ်ယာ ဦးစီးဌာနမှ လယ်ယာသုံး စက်ကိရိယာပစ္စည်းများ ရောင်းချသည့် ပြင်ပကုမ္ပဏီများနှင့် ချိတ်ဆက်ပေးကာ လက်ငင်း ငွေချေစနစ်ဖြင့် လည်းကောင်း၊ အရစ်ကျငွေချေ စနစ်ဖြင့်လည်းကောင်း   ဝယ်ယူ အသုံးပြုကြကြောင်း သိရသည်။