စစ်ကိုင်းမြို့နယ်၊ ဆင်တပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်သောင်း (၇၁) နှစ်အား သတ်ဖြတ်ခဲ့သည့် တရားခံများဖမ်းဆီးရမိ
နေပြည်တော် သြဂုတ် ၂၁
၂ဝ၂၁ ခုနှစ်၊ သြဂုတ်လ ၃ ရက်တွင် စစ်ကိုင်းမြို့နယ်၊ ဆင်တပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်သောင်းသည် တစ်ရွာတည်းနေ ဦးအောင်ညွန့်နှင့်အတူ ဆိုင်ကယ် ဖြင့် စစ်ကိုင်းမြို့၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးမှ လစာထုတ်ပြီး ဆင်တပ်ကျေးရွာသို့ ပြန်လာစဉ် စစ်ကိုင်းမြို့နယ်၊ ကံတလူဘုရား အနီးအရောက်၌ အကြမ်းဖက်သူ ၂ ဦးမှ ဆိုင်ကယ်ဖြင့် လိုက်ပါလာပြီး ဦးအောင်သောင်းအား ဓားဖြင့်ထိုးခဲ့သဖြင့် ဦးအောင်သောင်းသည် ဓားဒဏ်ရာများဖြင့် နေရာတွင် သေဆုံးခဲ့ပြီး ဦးအောင်ညွန့်မှာ ထွက်ပြေး လွတ်မြောက်သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ တရားခံများအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ သြဂုတ်လ ၂ဝ ရက်တွင် စစ်ကိုင်းမြို့နယ်၊ အုန်းတောမြောက် ကျေးရွာအဝင်၌ လူသတ်မှုတွင်ပါဝင်သူ တရားခံသန်းနိုင်စိုး၊ ''မြတ်နိုးဦး'' လက်ဖက်ရည်ဆိုင်ပိုင်ရှင်၊ ဆင်တပ်ကျေးရွာနေသူအား ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ထွက်ဆိုချက်အရ ပြစ်မှုကျူးလွန်ရာတွင် အုန်းတောမြောက် ကျေးရွာနေသူများ ဖြစ်သည့် အောင်ဇော်မင်း(ခ)မင်းမင်း၊ အေးမင်းသက်၊ အောင်လင်းခန့်တို့ ၃ ဦးနှင့် ချောင်းဦးကျေးရွာနေသူ ဘုန်းမြတ်နိုင်တို့ပါဝင်ကြောင်းသိရှိရသဖြင့် ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ အောင်လင်းခန့်အား အုန်းတောမြောက်ကျေးရွာရှိ ၎င်း၏နေအိမ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
¤င်းနောက် ဆက်စပ်တရားခံများ ဖြစ်သော အောင်ဇော်မင်း(ခ)မင်းမင်းနှင့် အေးမင်းသက်တို့၏ နေအိမ်များသို့ သွားရောက်ဖမ်းဆီးခဲ့ရာ တရားခံများမှာ ထွက်ပြေးတိမ်းရှောင်နေပြီး အောင်ဇော်မင်း (ခ)မင်းမင်း၏ နေအိမ်အိပ်ခန်း အတွင်းရှိ ဗီရိုပေါ်မှ လူသတ်မှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သော သွေးစွန်းနေသည့် ဓားမြှောင် ၁ ချောင်းအား သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းရမိခဲ့ကြောင်း၊ ၎င်းနောက် တရားခံဘုန်းမြတ်နိုင်အား သွားရောက်ဖမ်းဆီးခဲ့ရာ ချောင်းဦးကျေးရွာရှိ ၎င်း၏နေအိမ်၌ လက်လုပ်မိုင်း ၉ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက် အရ ဦးအောင်သောင်းအား သတ်ဖြတ်ရန် NLDပါတီအမာခံများ ဖြစ်သည့် ယခင် ဆင်တပ်ကျေးရွာ၊ အုပ်ချုပ်ရေးမှူး(ဟောင်း) ခင်မောင်ကြည် (ဖမ်းဆီးရန်ကျန်) နှင့် ၎င်းကျေးရွာနေ ခင်မောင်ဦး (ဖမ်းဆီးရန်ကျန်)တို့မှ ငွေကျပ် ၅ သိန်းပေး၍ လုပ်ကြံခိုင်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ဖမ်းဆီးရမိ တရားခံများအနက် ဘုန်းမြတ်နိုင်သည် အောင်ဇော်မင်း(ခ)မင်းမင်း(ဖမ်းဆီးရန်ကျန်)၊ အောင်လင်းခန့်(ဖမ်းဆီးရန်ကျန်)၊ အေးမင်းသက် (ဖမ်းဆီးရန်ကျန်)တို့နှင့် အတူ ဇွန်လခန့်တွင် စစ်ကိုင်းမြို့နယ်၊ ပန်းချီကျေးရွာအနီး တောတွင်း၌ အကြမ်းဖက် ဖောက်ခွဲရေး သင်တန်းတက်ရောက်ခဲ့ကြောင်း၊ သင်တန်းဆင်းပြီးနောက် အကြမ်းဖက် လုပ်ငန်းများ ဆောင်ရွက်ရန် ဘုန်းမြတ်နိုင် သည် အောင်ဇော်မင်း(ခ)မင်းမင်းထံမှ လက်လုပ်မိုင်း ၉ လုံးရရှိခဲ့ပြီး ၎င်းလက်လုပ်မိုင်းများနှင့်အတူ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။
အထက်ပါ စစ်ကိုင်းမြို့နယ်၊ ဆင်တပ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်သောင်းအား သတ်ဖြတ်ခဲ့သည့် တရားခံ ၃ ဦးအား လက်လုပ်မိုင်း ၉ လုံး၊ လူသတ်မှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ဓားမြှောင် ၁ ချောင်း တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့အား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ထို့အပြင် ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သည့် ဆက်စပ်တရားခံ အောင်ဇော်မင်း(ခ) မင်းမင်း၊ အေးမင်းသက်နှင့် သတ်ဖြတ်ရန်ခိုင်းစေခဲ့သည့် NLD ပါတီအမာခံ ခင်မောင်ကြည်၊ ခင်မောင်ဦးတို့အား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာ နေရာများ၊ လှုပ်ရှားသွားလာ နေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားနိုင်ပါကြောင်းနှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံ အပ်ပါကြောင်း အသိပေး သတင်း ထုတ်ပြန်အပ်ပါသည်။