စစ်စိတ် စစ်သွေး စစ်ရေးကျွမ်းကျင်

အယ်ဒီတာ့အာဘော်

(၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၂၈ ရက်)

နိုင်ငံတိုင်းတွင် တပ်မတော်ရှိသည်။ နိုင်ငံတိုင်းရှိ တပ်မတော်တိုင်းသည် စွမ်းရည်ထက်မြက်အောင်လုပ်ဆောင်ကြသည်။ နည်းပညာ တိုးတက်သော ခေတ်တွင်  မြင့်မားသော နည်းပညာပိုင်ဆိုင်ရေးကို နိုင်ငံတိုင်းကကြိုးစားလျက်ရှိသည်။ နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို အဆုံးအဖြတ် ပေးနိုင်သည်မှာ စစ်ရေးသာဖြစ်သည်။ နိုင်ငံတိုင်း ကြုံတွေ့နေရသည်မှာ အင်အားကြီးမားသော နိုင်ငံများက အင်အားနည်းသောနိုင်ငံများကို ဝင်ရောက်ခြယ်လှယ်မှုပြုနေခြင်းဖြစ်သည်။ မျက်မှောက်ခေတ်စစ်ပွဲ အသွင်သဏ္ဌာန်မှာ စစ်ရေးနည်းသာမက နိုင်ငံရေးနည်း၊ စီးပွားရေးနည်း၊ လူမှုရေးနည်း၊ သဘောတရားရေးနည်း၊ ဝါဒဖြန့်ချိရေးနည်းတို့ဖြင့် ဘက်စုံစစ်ပွဲအသွင် ဆင်နွှဲနေခြင်းဖြစ်သည်။

မြန်မာ့သမိုင်းကြောင်းကို ပြန်ပြောင်းကြည့်လျှင်လည်း တပ်မတော်အင်အား ရှိခဲ့သော အချိန်ကာလများတွင် မြန်မာ့သမိုင်း လှပခဲ့သည်။ ဥပမာအားဖြင့် အနော်ရထာ မင်းတရားလက်ထက်၊ ဘုရင့်နောင် မင်းတရားလက်ထက်နှင့် အလောင်းမင်းတရားကြီးတို့ လက်ထက်တွင် အင်ပါယာနိုင်ငံတော်များ ထူထောင် ခဲ့သည်မှာ ဂုဏ်ယူဖွယ်ရာဖြစ်သည်။  အင်ပါယာနိုင်ငံဟု သမိုင်းမတင်ခဲ့သော်လည်း   ဘုရင့်နောင်မင်းတရားအလွန် ညောင်ရမ်းမင်းဆက်သည်လည်း စစ်အင်အား ကြီးမားခဲ့သည်ကို တွေ့မြင်နိုင်သည်။

ညောင်ရမ်းမင်းတရားကြီးမှာ ဘုရင့်နောင်၏ သားတော်တစ်ပါးပင်ဖြစ်သည်။

ညောင်ရမ်းမင်းဆက်ကို လေ့လာကြည့်လျှင် ညောင်ရမ်းမင်း၊  အနောက်ဘက်လွန်မင်း၊ မင်းရဲဒိဗ္ဗာ၊သာလွန်မင်း၊ ပင်းတလဲမင်း၊ ပြည်မင်း၊ နရာဝရမင်း၊ မင်းရဲကျော်ထင်၊ စနေမင်း၊ တနင်္ဂနွေမင်းနှင့် ဟံသာဝတီရောက်မင်း ဟူ၍တွေ့ရမည်ဖြစ်သည်။ ညောင်ရမ်းမင်းဆက်တွင် အနောက်ဘက်လွန်မင်းသည် ရာဇဝင်တွင် စံတင်ထိုက်သော မင်းတစ်ပါးဖြစ်သည်။ အနောက်ဘက်လွန်မင်း အုပ်ချုပ်နေသည့်အချိန်တွင် သန်လျင်မြို့သည် နယ်ချဲ့ပေါ်တူဂီငဇင်ကာလက်အောက် ကျရောက်နေသည်။ ငဇင်ကာသည် တောင်ငူကိုသိမ်းပိုက်ပြီး နတ်ရှင်နောင်ကို ဖမ်းဆီးခေါ်ဆောင်သွားသည်။

အနောက်ဘက်လွန်မင်းအဖို့ မိမိနိုင်ငံအတွင်း ကျူးကျော်နယ်ချဲ့လာသူ ရှိနေခြင်းသည် ခန္ဓာကိုယ်တွင် ဆူးတစ်ချောင်းစူးနေသလို ခံစားရသည်။ ထို့ကြောင့် မိမိတပ်မတော်ကို အင်အားတောင့်တင်းအောင် ပြင်ဆင်ဖွဲ့စည်းသည်။ သန်လျင်ကိုတိုက်လျှင် ရန်သူသည် ရှုံးနိမ့်ပါက ရေလမ်းကြောင်းဘက်မှထွက်ပြေးသွားနိုင်သည်။

ထို့ကြောင့် ရေတပ်ဆိုင်ရာကို အင်အားတောင့်တင်းအောင် ဖွဲ့စည်းပြင်ဆင်ရပြန်သည်။ သန်လျင်စား ထွက်မပြေးသာအောင် လှေတပ်ကဆီးကာပြီး ထွက်နိုင်သမျှ အပေါက်တွေကိုကြိုတင်ပိတ်ဆို့နိုင်ရန် စီမံသည်။

ထိုစဉ်က ငဇင်ကာမှာ လူလက်နက်အင်အား တောင့်တင်းသည်။

အနောက်ဘက်လွန်မင်းတရားကြီးသည် သန်လျင်ကို ခက်ခက်ခဲခဲ တိုက်ခိုက်ရသည်။ မြို့ကို သည်အတိုင်း တက်သိမ်း၍မရ။ မြေအောက်ဥမင်ဖောက်ကာ ဥမင်လိုဏ်ခေါင်းမှ ကြိုးနှင့်သစ်တပ်ကို ဆွဲငင်ဖြိုဖျက်မှသာ အောင်ပွဲရရှိသည်။ သန်လျင်စား ငဇင်ကာနှင့်တကွ တစ်မြို့လုံးကို ရတော်မူသည်။ အနောက်ဘက်လွန်မင်းသည် သန်လျင်မြို့ကို အလိုတော်ပြည့်၍ ငါးရက်ရလျှင် သန်လျင်စား ငဇင်ကာကို ရုံးတော်သို့ခေါ်တော်မူ၍

““နင်...နိုင်ငံတော်ဖြစ်သော ကေတုမတီ တိုင်အောင်ချီ၍ ဖျက်ဆီးသည်။ နင်အဘယ်ကဲ့သို့ လျှောက်မည်နည်း””မေးတော်မူသည်။ သန်လျင်စားငဇင်ကာက ““ဘုရားနိုင်ငံတော်ကိုဖျက်ဆီးလို၍ ချီသည်မဟုတ်ပါ။

တောင်ငူမင်းကယူလာလှည့်ဟုစေသောကြောင့်ယူပါသည်”” ဟု လျှောက်သည်။

ထိုစဉ်က တောင်ငူမင်းဆိုသည်မှာ  မြန်မာစာပေလောကတွင်  အလေးထားရသော  ရတုဘုရင် နတ်ရှင်နောင်ဖြစ်သည်။ နတ်ရှင်နောင်က ခေါ်သောကြောင့် တောင်ငူကို သိမ်းရပါသည်ဟု ငဇင်ကာက လျှောက်တင်ခြင်းဖြစ်သည်။ အနောက်ဘက်လွန်မင်း တရားက သူတစ်ပါး ပြောစကားကိုမယုံပါ။

သို့အတွက် နတ်ရှင်နောင်ကို ကိုယ်တိုင်ခေါ်မေးပါသည်။ နတ်ရှင်နောင်က ““ကျွနု်ပ် သည်အတိုင်းမစေရပါ””ဟူ၍လျှောက်သည်။ ထိုအခါ ငဇင်ကာက သူ့ထံသို့ တောင်ငူမင်းစေလွှတ်သူနှင့် ရေးသည့်စာကိုသက်သေတင်ပြသည်။ နယ်ချဲ့ငဇင်ကာ၏ လှည့်စားမှုပေလား။ သို့တည်းမဟုတ် တောင်ငူမင်းသည်ပင် အမှန်တကယ်ပြည်ပကို အားကိုးလေသလား တွေးစရာဖြစ်ပေသည်။

သို့သော် နောက်ဆုံးတွင် အနောက်ဘက်လွန်မင်းသည် ““စေသည်မှန်ချေပြီ၊ တောင်ငူကို အလိုတော်ပြည့်လျှင် မြို့ကိုမျှမသိမ်း ယူတော်မမူ၊ သင့်ကိုပင်ပေးတော်မူ၍ ချမ်းသာစွာနေစေသည်၊ ငါ့ကျေးဇူးတော်ကိုမသိ၊သူ့ကျွန်ခံချင်သည်။ သစ္စာမစောင့်မဟုတ်လော၊ လူသွမ်းကို မြို့လယ်တွင်ကွပ်လေ၊ ငဇင်ကာငယ်လည်း သင်သည် နိယတမိစ္ဆာဒိဋ္ဌိဖြစ်၍ ဘုရားပုထိုးကိုဖျက်ဆီးသူဖြစ်သည်။ သင့်အိမ်ရှေ့မြို့လယ်မှာ တံကျင်တွင်တင်လေ၊ သန်လျင်မြို့သူမြို့သား ယောက်ျား၊ မိန်းမအပေါင်းတို့ကို ကြည့်လေစေ”” အမိန့်တော်ပေးကာ သုတ်သင်ရှင်းလင်း

ခဲ့သည်။ အနောက်ဘက်လွန်မင်းသည် စစ်အင်အားကို ခိုင်ခံ့များပြားစွာ တည်ဆောက်နိုင်သဖြင့် ပြည်ပကျူးကျော်လာမှုကို သုတ်သင် ရှင်းလင်းနိုင်ခြင်းမှာ အားကျဂုဏ်ယူဖွယ်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။  ။