စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ၅၄၁၅ ဦး ထိုးနှံပြီးဖြစ်
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်အတွင်းရှိ အသက်၅၅ နှစ်နှင့် ၆၄ နှစ်ကြားပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းနှင့် မိသားစုဝင်များ၊ စက်ရုံ၊ အလုပ်ရုံများမှ ဝန်ထမ်းများ၊ မသန်စွမ်းသူများ၊ ပရဟိတအသင်းဝင်များ၊ လူမှုရေး အသင်းအဖွဲ့များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးလျက်ရှိရာ အောက်တိုဘာ ၂ ရက်အထိ ၅၄၁၅ ဦး ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ဒုတိယမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသိမ့်အိသူ (ပြည်သူ့ကျန်းမာ)နှင့် ဒေါက်တာသက်ကိုကိုလွင် (ရောဂါနှိမ်နှင်းရေး)၊ ဦးစောအေး(ကျန်းမာရေးမှူး)နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များ၊ ပရဟိတ အသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ စဉ့်ကိုင်မြို့နယ် အတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်စေရေး၊ ကြိုတင် ကာကွယ်တားဆီးနိုင်စေရန်နှင့် ရောဂါကူးစက်မှု လျော့နည်းစေရေးအတွက် သက်ဆိုင်ရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအဖွဲ့ဝင်များပူးပေါင်းပြီး ဘုန်းတော်ကြီးကျောင်းများ၊ စာသင်တိုက်များ၊ သီလရှင်ကျောင်းများသို့ RDT Test Kitဖြင့် ကိုဗစ်-၁၉ ရောဂါ၊ ကူးစက်မှု ရှိ၊ မရှိ အခမဲ့ စစ်ဆေးပေးခြင်း၊ ပြည်သူများ လိုက်နာစေရန်၊ အသံချဲ့စက်များ၊ Hand Speaker ဖြင့် လှည့်လည်ပြီး အသိ
ပညာပေး နှိုးဆော်ခြင်း၊ (Mask)များ အခမဲ့ဖြန့်ဝေခြင်း၊ ရပ်ကွက်/ကျေးရွာများ အတွင်းဒေသန္တရ စည်းကမ်းချက်များ၊ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာမှု ရှိ/မရှိ စစ်ဆေးခြင်း အသိပညာပေး လုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိပြီး ကျန်ရှိနေသူများကိုလည်း ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။