စည်းလုံးညီညွတ်ကောင်းကျိုးဖြစ်မည့်စကားပြောကြစို့

 

နေ့စဉ်နေ့တိုင်း လူသားတို့ပြောဆိုနေကြသောစကားများကို အကျဉ်းချုပ်လိုက်လျှင် စကားအမျိုးအစား ခြောက်မျိုးသာရှိလေသည်။ စာပေအရာနှင့်တင်စားလျှင် စကားကြီးခြောက်ခွန်းဖြစ်သည်။ မြန်မာ့ဆိုရိုး စကားတွင် စကားခြောက်ခွန်း၊ လူ၌ထွန်း၊ လေးခွန်းကိုပယ်၊ နှစ်ခွန်းတည်ဟူ၍ဆိုထားသည်။ သီလစင်ကြယ် နေသည့်သူကို သီလမရှိတဲ့သူပါ။ ဒုဿီလပုဂ္ဂိုလ် စသည်ဖြင့်ပြောဆိုသည့်စကားမျိုးသည် ဟုတ်လည်းမဟုတ်၊

ထိုသို့ပြောသည့်အတွက် အကျိုးလည်းမရှိ။ ပြောသည့်လူ၌လည်း အကုသိုလ်ဖြစ်သည်။ ကြားနာသည့် သူတို့၌လည်း သူပြောတာကိုယုံပြီး ထိုသီလစင်ကြယ်နေသည့် ပုဂ္ဂိုလ်ကိုပြစ်မှားလျှင် အကုသိုလ် ဖြစ်သည်။

ဒုတိယတစ်ခွန်းမှာ မဟုတ်မှန်လည်း မဟုတ်မှန်၊ အကျိုးလည်းမရှိ၊ သို့သော် အများကမူ ကြိုက်နေသော စကားဖြစ်သည်။ ထိုစကားသည် ဒဏ္ဍာရီစကား၊ ကုန်းတိုက်သည့်စကား၊ မှားယွင်းသည့်ဘာသာရေး စကားတို့ဖြစ်သည်။ ဒဏ္ဍာရီပုံပြင်နှင့် ကုန်းတိုက်စကားတို့မှာ အမှန်မဟုတ်သော်လည်း အများက ကြိုက်နှစ်သက်သည်။ သူတစ်ပါးအသက်ကိုသတ်လျှင် အပြစ်မရှိဟူသော မှားယွင်းသည့် ဘာသာရေး စကားကို ဒုစရိုက်သမား

တို့ကြိုက်သည်။ တတိယတစ်ခွန်းမှာ ဟုတ်မှန်၏အကျိုးမရှိ၊ သူများကလည်း မကြိုက်သည့် စကား ဖြစ်သည်။ ထိုစကားက သူခိုးကိုသူခိုးဟုပြောသည့်စကားမျိုး၊ လူလိမ်ကိုလူလိမ်ဟုပြောခြင်းမျိုး၊ မျက်မမြင်ကို မျက်စိကန်းဟုပြောခြင်းမျိုးဖြစ်သည်။

စတုတ္ထတစ်ခွန်းမှာ အကျိုးတော့မရှိ၊ သူများကမူ ကြိုက်နေသည့်စကားဖြစ်သည်။ ထိုစကားမျိုးကား တစ်ဖက်ပုဂ္ဂိုလ်က တကယ်ပြောသည့်စကားကိုယူပြီး အခြားပုဂ္ဂိုလ်ထံကုန်းတိုက်သည့်စကား၊ မင်းအကြောင်း၊ သူခိုးဓားပြအကြောင်း၊ မြို့ရွာအကြောင်း စသည်ကိုပြောသည့်စကားမျိုးဖြစ်သည်။  ဤသို့မှန်ကန်သည့် အကြောင်းအရာကိုပြောပြပြီး သက်ဆိုင်သူသည် မိမိအကျိုးအတွက်ပြောသည်ဟု ထင်ကာ သဘောကျတတ်လေသည်။  ပဉ္စမတစ်ခွန်းမှာ  ဟုတ်မှန်၏။ အကျိုးလည်းရှိ၏။ သူများကမူ မကြိုက်သော

စကားဖြစ်သည်။ သင်ဟာရှေးဘဝကကောင်းမှုကိုမပြုခဲ့ဘဲ မကောင်းမှုကိုပြုခဲ့သည့်အတွက် ဆင်းရဲဒုက္ခ ရောက်နေရသည်။ ယခုလည်းကောင်းမှုမပြုဘဲ မကောင်းမှုကိုပြုနေလျှင် အပါယ်လေးပါး ကျသွား လိမ့်မည် စသည့်စကားမျိုးဖြစ်သည်။

ဆဋ္ဌမတစ်ခွန်းမှာ ဟုတ်မှန်၏။ အကျိုးလည်းရှိ၏။ သူများကလည်း ကြိုက်သောစကားဖြစ်သည်။ ထိုစကားကား ဒါနကထာ၊ သီလကထာ၊ ဘာဝနာကထာအစရှိသော မှန်ကန်သော တရားစကားပင် ဖြစ်သည်။ ထိုစကားသည် မှန်လည်းမှန်သည်။ အကျိုးလည်းရှိသည်။ ပညာရှိသူတော်ကောင်းတို့ ကြားနာ၍ အားမရနိုင်အောင် ကြိုက်လည်းကြိုက်နှစ်သက်ကြသည်။ ထို့ကြောင့် ဟုတ်မှန်၏။ အကျိုးရှိ၏။ သူများကကြိုက်၏ဟူသော အင်္ဂါ(၃)ပါးနှင့်ညီသည့် စကားဖြစ်သည်။ ထိုစကားမျိုးကို ဟောပြောသင့်သည့် အချိန်၌ မြတ်စွာဘုရားသည် ဟောပြောတော်မူပါသည်။

ထို့ကြောင့် လူတိုင်းသည် လူအချင်းချင်းပြောဆိုဆက်ဆံရာ၌ ပြောသင့်သောစကား၊ မပြောသင့်သော စကားကိုစဉ်းစားတွေးခေါ်၍ ပြောဆိုဆက်ဆံသင့်သည်။ အကျိုးရှိသောတရားစကားဖြစ်သော်လည်း ပျော်ပွဲရွှင်ပွဲကျင်းပရာ၌ သွားဟောလျှင်မသင့်လျော်ချေ။ စီးပွားရေးအလုပ်ဌာန၌ သွားဟောလျှင်လည်း မသင့်လျော်ပေ။ မင်္ဂလာဆောင်၊ ရှင်ပြုအလှူအခမ်းအနားတို့၌ကောင်းသောစကား၊ မင်္ဂလာရှိသော စကားပြောခြင်း သည် အံဝင်ခွင်ကျဖြစ်သော်လည်း မင်္ဂလာအခမ်းအနားတွင် အမင်္ဂလာစကား ပြောလျှင်လည်း လွဲမှားလေသည်။

ထို့ကြောင့် ရှေးကဆရာသမားအဆက်ဆက်က နှောင်းလူများအတွက် မဟုတ်တာကို လိမ်လည်မပြောရ။ ဟုတ်မှန်တာကိုသာ အမှန်အတိုင်းပြောရမည်။ ခိုက်ရန်ပွားမည့်ကုန်းတိုက်စကားကိုမပြောရ။ ညီညွတ်ရေး စကားကိုသာပြောရမည်။ နားမချမ်းသာသည့် ဆဲဆိုကြိမ်းမောင်းစကားကိုမပြောရ။ နားဝင်ချိုသည့် သာသာယာယာစကားကို သာပြောရမည်။ ထိုသို့သောအင်္ဂါရပ်များနှင့် ပြည့်စုံညီညွတ်သောစကား သည်သာ သန့်ရှင်းစင်ကြယ်သောစကားဖြစ်သည်။ နိုင်ငံတော်၊ ပြည်သူနှင့်တပ်မတော်ကို သွေးကွဲစေသော စကားမျိုးသည်လည်း မပြောအပ်သောစကားဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။     ။