စပါးအသင်းရလဒ်ဆိုးနေခြင်းကို မိမိကိုယ်တိုင် မဖြေရှင်းနိုင်သေးသော်လည်း ကပ်ဆိုက်နေခြင်းမဟုတ်ဟု နည်းပြမော်ရင်ဟိုဆို

လန်ဒန်၊ ဘောလုံး

စပါးအသင်းသည် ဖေဖော်ဝါရီ ၂၁ ရက်ညက ဝက်စ်ဟမ်းနှင့်ကစားရာ ၂ ဂိုး-၁ ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပြီးနောက်  နည်းပြ မော်ရင်ဟိုက မိမိအသင်းတွင် ပြဿနာရှိနေခြင်းကို ကိုယ်တိုင်မဖြေရှင်းနိုင်သေးသော်လည်း မျက်မှောက် အခြေအနေမှာ ကပ်ဆိုးဆိုက်နေသည့် အနေအထားမျိုးမဟုတ်ဟု ရှင်းလင်းပြောကြားသည်။ ဝက်စ်ဟမ်း ကိုရှုံးခြင်းမှာ နောက်ဆုံးပရီးမီးယားလိဂ် ခြောက်ပွဲတွင် ငါးပွဲမြောက်ရှုံးပွဲဖြစ်ခဲ့ပြီး အဆင့် (၄) နေရာမှ ဝက်စ်ဟမ်းထက်ပင် ကိုးမှတ်လျော့နည်းနေပြီး အဆင့်(၉) နေရာသို့ ရောက်သွားခဲ့ရပြီဖြစ်သည်။

ပွဲအပြီးတွင် မော်ရင်ဟိုက “ဒါကို ကပ်ဆိုက်နေတဲ့အခြေအနေလို့ ပြောလို့ မရနိုင်ပါဘူး။ ရလဒ်တွေက တကယ့်ကိုဆိုးတယ်လို့ ပြောလို့တော့ရတယ်” ဟု ပြောသည်။ မော်ရင်ဟိုသည် ဝက်စ်ဟမ်းနှင့်ပွဲစဉ်မတိုင်မီ ထိုပွဲရှုံးနိမ့်ခဲ့ပါက နည်းပြရာထူးမှ  ထုတ်ပယ်ခံရမည်ဟု  သတင်းများထွက်ပေါ်နေပြီး ဖိအား များစွာလည်း ရှိနေခဲ့သည်။

မော်ရင်ဟိုနှင့် နည်းပြအဖွဲ့စီမံသော နည်းစနစ်များသည် ရှေးရိုးစွဲကာ ခံစစ်အသားပေးသဖြင့်  စပါးအသင်း အနေဖြင့် ရလဒ်များဆိုးရခြင်းဖြစ်သည် ဟုလည်း  ဝေဖန်မှုများရှိနေခဲ့ရာ မော်ရင်ဟိုက “ကျွန်တော်နဲ့  နည်းပြ အဖွဲ့အစီအမံတွေက  ကမ္ဘာမှာ နှစ်ယောက်မရှိတဲ့နည်းစနစ်တွေပါ။ အခုမှ မဟုတ်ဘူး။ ဟိုးအရင်ကတည်းက လည်း  ဒီအတိုင်းပါပဲ။   အသင်းမှာက ပြဿနာရှိနေတာမှန်တယ်။ ဒီပြဿနာကို မဖြေရှင်းနိုင်သေးဘူး။ ရလဒ် ကောင်း အောင်ကြိုးစားရမှာပါ” ဟု ပြောသည်။

Ref:Dailymail