မြန်မာ့ထမင်းဆိုင်များ၊ မိသားစုထမင်းဝိုင်းများတွင် မြန်မာလူမျိုးအများစုသည် ထမင်း၊ ဟင်း အပါအဝင် ငါးပိရည်နှင့် တို့စရာ အစုံအလင်ကို ထည့်သွင်းစားသုံးတတ်ကြပေသည်။ ထိုသို့စားသုံးရာ၌ ပါဝင်သောတို့စရာများတွင် တညင်းသီးကိုလည်း စွဲမက်စွာ စားသုံးတတ်ကြသည်။ ယခုကာလများတွင် ရာသီစာအနေဖြင့်လည်း တညင်းသီးပေါများစွာရရှိသောအချိန်ဖြစ်ရာ တညင်းသီး အလွန်အကျွံစားသုံးခြင်းဖြင့်လည်း နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးပြဿနာရပ်များနှင့်ပတ်သက်သော အခြေခံ အကြောင်းအရာများကိုလည်း သိရှိထားရန် လိုအပ်သည်။
အခြေခံအားဖြင့် တညင်းသီးသည် မြန်မာလူမျိုးအပါအဝင် အိမ်နီးချင်းအချို့လူမျိုးများ နှစ်ခြိုက်စွာ စားသုံးကြသည့် စားဖွယ် တစ်မျိုးဖြစ်သည်။ တညင်းသီးကို အရှေ့တောင်အာရှနိုင်ငံများတွင်သာ ပေါများစွာတွေ့ရပြီး မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် အဓိကစားသုံးကြသည်။
တညင်းသီးအား အင်္ဂလိပ်ဘာသာစကားဖြင့် Djenkol Bean ဟူ၍လည်းကောင်း၊ ထိုင်းဘာသာစကားဖြင့် လူနန်းမ် (Luk Nieng)၊ မလေးရှားဘာသာ စကားဖြင့် ဂျန်ရန်း (Jering) ဟူ၍ လည်းကောင်း၊ အင်ဒိုနီးရှားဘာသာစကားဖြင့် ဂျန်ကော (Jengkol) ဟူ၍လည်းကောင်း အသီးသီးခေါ်ဝေါ်ကြသည်။ တညင်းသီး၏ ရုက္ခဗေဒအမည်မှာ Archidendron jiringaç Archiderdron pacucillorum ဖြစ်သည်။
အဆိုပါ တညင်းသီးတွင်ပါဝင်သော ဂျန်ကောလစ်အက်စစ် (Djenkolic Acid) သည် ကျောက်ကပ်အတွင်းရှိ ပြွန်ငယ်ကလေးများ၊ ဆန်ခါငယ်ကလေးများအတွင်း၌ အပ်ချောင်းပုံသဏ္ဌာန်ပုံဆောင်ခဲများ ဖြစ်ပေါ်လာပြီး ကျောက်ကပ်၏လုပ်ဆောင်ချက်များကို ထိခိုက်ပျက်စီးစေနိုင်သည်။ တညင်းသီး ၁၀၀ ဂရမ်တွင် အက်စစ် သုည ဒသမ ၃ မှ ၁ ဒသမ ၃ ဂရမ် ပါဝင်နိုင်ပြီး တစ်လုံးနှင့်တစ်လုံး အက်စစ်ပါဝင်မှု ပမာဏမတူညီနိုင်ပေ။ တညင်းသီးတွင်ပါဝင်သော ဂျန်ကောလစ်အက်စစ်သည် စားသောက်ပြီးနောက် ၂ နာရီမှ ၁၂ နာရီအတွင်း ကျောက်ကပ်အတွင်းရှိ ပြွန်ငယ်ကလေးများအတွင်းရောက်ရှိပြီး အနည်အမှုန်များကပ်ငြိစေပြီး စတင်အန္တရာယ်ပြုသည်။ ထို့နောက်ပုံဆောင်ခဲများဖြစ်ပေါ်လာပြီး ဆီးအတွင်းပုံမှန်စွန့်ထုတ်ရန် မပျော်ဝင်နိုင်ဘဲ ကျောက်ကပ်အတွင်းရှိ ပြွန်ငယ်/ဆန်ခါ ငယ်များ ပေါက်ပြဲခြင်း၊ ပိတ်ဆို့ခြင်းများ ဖြစ်ပေါ်လာသည်။ ထိုအခါ ရောဂါလက္ခဏာများဖြစ်သည့် ခါးနာခြင်း၊ ဗိုက်နာခြင်း၊ အန်ခြင်း၊ ဆီးကျဉ်ခြင်း၊ ဆီးအိမ်တစ်ဝိုက်ကိုက်ခဲခြင်းနှင့် ဆီးအတွင်းသွေးများပါသည်အထိ ခံစားရနိုင်သည်။ ထိုအချိန်တွင် ဆေးကုသမှု မခံယူခြင်း၊ တညင်းသီးများ ထပ်မံစားသုံးခြင်းများရှိပါက ဆီးလုံးဝမသွားတော့ဘဲ ကျောက်ကပ်ပျက်စီးထိခိုက်သည်အထိ ဆိုးရွားစေ နိုင်သည်။
ကျောက်ကပ်ပျက်စီးသွားပါက အောက်ဖော်ပြပါလုပ်ငန်းကိစ္စရပ်များ ပြုလုပ်ရန် ခက်ခဲလာပါသည်-
- ကိုယ်ခန္ဓာမှ စွန့်ထုတ်သည့်မလိုအပ်သော ဓာတုပစ္စည်းများအား ဆီးအနေဖြင့် မစွန့်ထုတ်နိုင်ဖြစ်ခြင်း။ (ပုံမှန်အားဖြင့် နေ့စဉ်ကျောက်ကပ်အတွင်း သွေး ၁၇၀ လီတာ ပမာဏရှိသော သွေးများဖြတ်သန်းသွားပြီး ကျောက်ကပ်အတွင်းရှိ သန်းပေါင်းများစွာသော ဆန်ခါငယ်များဖြင့် အဆိပ်အတောက်များကို စစ်ထုတ်သန့်စင်ပေးနိုင်ပါသည်။)
- သွေးနီဥထုတ်လုပ်သည့်လုပ်ငန်းတွင် အဓိကလိုအပ်သော အရီသရိုပိုအိုင်တင် (Erythropoietin) ကိုထုတ်လုပ်ပေးခြင်းများ အားနည်းလာခြင်း သို့မဟုတ် မလုပ်ဆောင်နိုင်ခြင်း။
- အရိုးအဆစ်များ ကြီးထွားသန်မာစေရန် အဓိကလိုအပ်သော ဗီတာမင်နှင့်သတ္တုဓာတ်များထုတ်လုပ်ရန် ခက်ခဲလာခြင်း။
- သွေးပေါင်ချိန်ပမာဏထိန်းသိမ်းရာတွင် လိုအပ်သော ရီနင် (Renin) ဓာတ်ကို လိုအပ်ချက်ရှိသည့်အချိန်တွင် မထုတ်လုပ်နိုင်ခြင်း။
အထက်ဖော်ပြပါလုပ်ငန်းများ ပုံမှန်လုပ်ဆောင်ရန် အခက်အခဲများရှိလာပြီး ကျောက်ကပ်မှမစွန့်ပစ်နိုင်သည့် အညစ်အကြေးများ ကိုယ်ခန္ဓာအနှံ့ရောက်ရှိကာ ကျန်းမာရေးပြဿနာများခံစားလာရသည်။ ထို့ပြင် သွေးပေါင်ချိန် မထိန်းနိုင်သဖြင့် နောက်ဆက်တွဲ ရောဂါလက္ခဏာများဖြစ်ပေါ်လာပြီး အရေးပေါ်ဆေးကုသမှု (Emergency Medical Care) ဆောင်ရွက်ရန် လိုအပ်လာသည်အထိ ဆိုးရွားစွာခံစားကြရသည်။
လူတိုင်းသတိပြုရန်မှာ တညင်းသီးကြောင့် ကျောက်ကပ်ထိခိုက်ခြင်းသည် တညင်းသီးအမျိုးအစားပေါ်တွင်လည်းကောင်း၊ ပါဝင် သော၊ ပျော်ဝင်နေသော ဂျန်ကောလစ်အက်စစ်ဓာတ်ပမာဏ အချိုးအစားပေါ်တွင်လည်းကောင်း၊ စားသုံးသူများ၏ သုံးစွဲမှုပေါ်တွင် လည်းကောင်း၊ တွဲဖက်စားသုံးသည့် အခြားအစားအသောက်များနှင့် ဓာတ်ပြုမှုပေါ်တွင်လည်းကောင်း၊ စားသုံးသူ၏ရောဂါအခံရှိ/မရှိ သို့မဟုတ် နာတာရှည်ရောဂါခံစားနေရပြီး ပုံမှန်စွဲသောက်နေရသည့် ဆေးဝါးများပေါ်တွင်လည်းကောင်း၊ မြန်မာလူမျိုးအများစု၏ တိုင်းရင်းဆေးဝါးသုံးစွဲမှုပေါ်တွင်လည်းကောင်း များစွာမူတည်နေ၍ မည်သည့်ပမာဏ စားသုံးပါက ဘေးဥပဒ်ဖြစ်စေနိုင်ခြင်း ရှိ/မရှိ အား တိကျစွာမရှိကြောင်းသတိပြုမိစေလိုသည်။
နိုင်ငံတကာသုတေသနတွေ့ရှိချက်များအရ တညင်းသီးတွင်ပါဝင်သော ဂျန်ကောလစ်အက်စစ်သည် အပူချိန် ၂၀၀ ဒီဂရီဖာရင် ဟိုက်တွင်သာ စတင်ပျော်ဝင်နိုင်သည်။ ပုံမှန်ရေဆူအမှတ်သည် ၁၀၀ ဒီဂရီဖာရင်ဟိုက်ဖြစ်၍ ချက်ပြုတ်ပြင်ဆင်ကတည်းက မပျော် ဝင်ဘဲ ပါဝင်လာကာ စားသုံးသူများအား အန္တရာယ်စတင်ဖြစ်စေသည်။ အချို့စားသုံးသူများသည် တညင်းသီးအား အစိမ်းစားခြင်း၊ မီးဖုတ်စားသုံးခြင်းနှင့် ဆားရည်စိမ်ခြင်းများပြုလုပ်ပါက ပိုမိုဆိုးရွားစေသော ပြဿနာရပ်များခံစားရနိုင်ကြောင်း တင်ပြလိုသည်။
ဖော်ပြပါ ပြင်ဆင်ချက်ပြုတ်မှုများသည့် ဂျန်ကောလစ် အက်စစ်ပျော်ဝင်ရန် လုံလောက်သော အပူချိန်ပမာဏ မရရှိနိုင်သဖြင့် ကိုယ်ခန္ဓာအတွင်းဝင်ရောက်ပြီး ကျောက်ကပ်အတွင်းရောက်ရှိချိန်တွင် အက်စစ်ပုံဆောင်ခဲများ ဖြစ်ပေါ်လာကာ ရောဂါလက္ခဏာများ မြန်မြန်ဆန်ဆန် ပေါ်ပေါက်လာစေသည်။
တညင်းသီးစားသုံးပြီးနောက် ရုတ်တရက်ရောဂါ လက္ခဏာဖြစ်ပေါ်လာပါက ဆေးကုသမှုနည်းလမ်းများအနေဖြင့် အက်စစ်ပုံဆောင် ခဲများ လွယ်ကူစွာပျော်ဝင်စေရန် ဆီးအတွင်းအက်စစ်ပမာဏ လျော့နည်းအောင်ပြုလုပ်ပေးခြင်း၊ ဆိုဒီယမ်ကာဗွန်နိတ်ထိုးဆေးများ အသုံးပြု၍ ဆေးကုသမှုပေးခြင်း၊ ကာဗွန်နိတ်ဒြပ်ပါဝင်သော အချိုရည်များသောက်သုံးပေးခြင်း၊ ရောဂါဝေဒနာခံစားရမှု ကာလကြာ ရှည်လာပါက ပုံဆောင်ခဲများပိတ်ဆို့မှုများလာပြီး ကျောက်ကပ်ပျက်စီးသွားသည့် လက္ခဏာများ သံသယဖြစ်ပေါ်လာပါက လိုအပ် သည့် ဆေးစစ်ချက်များ (သွေးဖောက်စစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း၊ တယ်လီဗေးရှင်းဓာတ်မှန်ရိုက်ခြင်း အပါအဝင် အခြား လိုအပ်သောစစ်ဆေးခြင်းများ) ဆောင်ရွက်ပြီး ပါရဂူများ၏အကြံပြုချက်များအတိုင်း စနစ်တကျဆေးကုသမှုခံယူခြင်း၊ လိုအပ်ပါက ကျောက်ကပ်ဆေးသည့်စက်များအသုံးပြု ဆေးကုသခြင်းများ ဆောင်ရွက်သွားရပါမည်။
မြန်မာလူမျိုးအများစုသည် တညင်းသီးစားသုံးရာတွင် မခိုင်လုံသောအကြောင်းပြချက်များဖြစ်သည့် “တစ်နှစ်မှ တစ်ခါသာ စားရတာ....၊ တစ်ခါတလေစားတာ... အမြဲမစားပါဘူး...၊ သေချာချက်ပြုတ်ထားတာ...အဆိပ်မဖြစ်ပါဘူး...” စသည်ဖြင့် အမျိုးမျိုး သော ထင်မြင်ယူဆချက်များဖြင့် စားသုံးလေ့ရှိကြသည်။ ၎င်းအချက်များသည် သိပ္ပံနည်းကျအထောက်အထား ခိုင်လုံခြင်း မရှိဘဲ မိမိကိုယ်မိမိ လိမ်ညာနေခြင်းဖြစ်ကြောင်းသိရှိစေလိုသည်။ အမှန်အားဖြင့် ရောဂါလက္ခဏာများနှင့် နောက်ဆက်တွဲ ဆိုးကျိုးများသည် စားသုံးသူကိုယ်တိုင်သာ ခံစားရမည်ဖြစ်ကြောင်းကိုလည်း မမေ့ကြရန်လိုအပ်ပေသည်။
နိုင်ငံတကာလေ့လာချက်များအရ တညင်းသီးတွင် လူကိုအကျိုးပြုသည့် အာဟာရဓာတ်များပါဝင်ခြင်းမရှိဘဲ ဆိုးကျိုးများ သာဖြစ်စေသဖြင့် အစားအစာအဖြစ် အသုံးပြုရန်လုံးဝမသင့်ကြောင်း ဖော်ပြချက်များအား အင်တာနက်စာမျက်နှာများတွင် တွေ့ရနိုင် သည်။ တညင်းသီးစားသုံးမှုကြောင့် ကျောက်ကပ်ထိခိုက်သဖြင့် အရေးပေါ် ဆေးကုသမှုခံယူရန် ဆေးရုံတက်ရောက်သူများ၏ ၁၅ ရာခိုင်နှုန်းမှာ အသက်အန္တရာယ် ဆုံးရှုံးမှုများတွေ့ရှိရသည်။ မြန်မာနိုင်ငံတွင် အမျိုးမျိုးသော အစားအစာများစွာ ရရှိနိုင်သည်ဖြစ်ရာ မိမိကို ဒုက္ခဖြစ်စေမည့် တညင်းသီးကို အလုံးစုံရှောင်ကြဉ်သင့်ပေသည်။ ထို့ကြောင့် “တန်ဆေးလွန်ဘေး” ဆိုသည့် ဆိုရိုးရှိသော်လည်း တညင်းသီးစားသုံးပါက စားသုံးသူတိုင်းအတွက်ဆိုပါက “တညင်းစားသုံး အသက်ဆုံးရှုံး” ဟုပင်ပြောဆိုသင့်ကြောင်းနှင့် အစားအစာ ပြင်ဆင်ချက်ပြုတ်စားသောက်ရာတွင် ဉာဏ်နှင့်ယှဉ်ကာဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း ပညာပေးဖော်ပြအပ်ပါသည်။ ။
ဒေါက်တာကျော်စိုးထွန်း (ဥပဒေဆေး)