အသက်ရလာတဲ့အခါ အမျိုးသား၊အမျိုးသမီးဘယ်သူမဆို “မေ့တတ်” ပါတယ်။ ကျောင်းသားအရွယ်၊အလုပ်လုပ်တဲ့ ပထမအရွယ်၊ ဒုတိယအရွယ်တွေမှာမမေ့တတ်ပါဘူး။ ငယ်စဉ်က ဦးခေါင်းဒဏ်ရာအပြင်းအထန်ရခြင်း၊ ခေါင်းတိုက်ကစားရတဲ့ အားကစား၊ ဥပမာ- ဘောလုံးကန်ခြင်း၊ လက်ဝှေ့ထိုးခြင်းတို့မှာ ပိုပြီးမေ့တတ်တယ်။ မေ့ဆေးပေးပြီး မကြာခဏ ခွဲစိတ်ခံရရင် ဆေးပြင်းပြင်းတွေ သောက်ခဲ့ရင်၊ အရက်များများသောက်ရင်၊ သတိမေ့ခြင်းရောဂါဖြစ်တတ်ပါတယ်။
သတိမေ့ခြင်းကိုကုသဖို့ အနောက်တိုင်းဆေးပညာရှင်တွေ ကြိုးစားခဲ့ကြတာ ရာစုနှစ်တစ်ခုရှိခဲ့ပါပြီ။ သတိမေ့ခြင်းဆိုးရွားလာရင် အတိတ်မေ့ခြင်း အယ်ဇိုင်းမား(Alzheimer's Disease) ဖြစ်ခြင်း၊ သူငယ်ပြန်ခြင်း(Dementia) ရောဂါတို့ရစေပါတယ်။ ယနေ့ ကျန်းမာရေး သတင်း ၁၇-၈-၂၀၁၇ သတင်းအရ အယ်ဇိုင်းမားရောဂါနဲ့ပတ်သက်ရင် အနံ့မရခြင်းဟာ ရောဂါစော စောသိခြင်း ဖြစ်တယ်လို့ဆိုပါတယ်။
အယ်ဇိုင်းမားရောဂါဟာ သတိမေ့ခြင်း၊ အသိလွဲခြင်းများဖြစ်တာ၊ အာရုံကြောခံစားမှုတွေ ဆိုးဆိုးရွားရွားခံစားကြရပါတယ်။ ၂၁ ရာစုမှာ လူ့သက်တမ်းရှည်လာနဲ့အမျှ အသက်ကြီးသူတွေမှာ အယ်ဇိုင်းမား အတိတ်မေ့ခြင်း ရောဂါဖြစ်နှုန်းများ လာတာနဲ့ အတူအယ်ဇိုင်းမားရောဂါ စောစောသိရဖို့ တိကျတဲ့ရောဂါရှာဖွေနည်းတွေမရှိသေးဘူးဖြစ်နေတယ်။ ရောဂါရှာဖွေမှုမပြည့်မစုံ မသိရခြင်း ဟာ ရောဂါနုစဉ်မှာ ကျော်လွှားနိုင်ပေမယ့် ရောဂါစသိသိချင်း အကျိုးရှိရှိသက်ရောက်တဲ့ကုသမှုတွေအတွက် နောက်ကျ နေပြီပဲဖြစ်တယ်။
ရောဂါရှာဖွေစဉ် ပရိုတိန်းတစ်မျိုးက အယ်ဇိုင်းမားရောဂါဖြစ်စေဖို့ ဦးတည်နေတယ်ဆိုပြီး အဆိုပါပရိုတိန်းမျိုးမဖြစ်ပေါ်စေဖို့ ဖြစ်နိုင်တဲ့ နည်းတွေနဲ့တိုက်ဖျက်နိုင်ရေး ကြိုးပမ်းခဲ့ကြတာလည်း ပါဝင်ပါတယ်။တစ်ဆက်တည်း အယ်ဇိုင်းမားရောဂါနဲ့ နှီးနွှယ်တဲ့ ရောဂါတွေဟာ လူတစ်ဦးချင်းရဲ့ ကျန်းမာရေးမှတ်တမ်းရာဇဝင်နဲ့ဆိုင်ပြီး တွေ့မြင်နေကျအပြုအမူ၊ လူတစ်ဦးချင်းစီရဲ့ပြောင်းလဲလာမှု မှတ်ဉာဏ်နဲ့စမ်းသပ်မှုများ၊အဆင့်မြင့်စမ်းသပ်မှုများ၊ ဦးနှောက်စီတီစကင်ရိုက်ခြင်းတို့ကနေ သိနိုင်လာပြီဖြစ်တယ်။
ကနေဒါနိုင်ငံ မွန်ထရီယယ်မက်ဂေး(Mcgil) စိတ်ကျန်းမာရေးစင်တာနဲ့ ဒေါက်ကလပ်မြို့ရှိ အယ်ဇိုင်းမားရောဂါ ကြိုတင်ကာ ကွယ်ရေးဗဟိုမှ သုတေသီတွေကလူ့ဘဝမှာ အစောဆုံးအယ်ဇိုင်းမားရောဂါ ရှာဖွေခြင်းနဲ့ပတ်သက်လို့ စောစောသိရှိနိုင်ရေး ဆောင်ရွက်နေကြတယ်။ အာရုံအနံ့ခံနိုင်စွမ်းနိမ့်ပါးမှုနဲ့ ဆက်စပ်နေတဲ့အပေါ် ရောဂါကြိုတင်သိရှိခဲ့ကြတယ်လို့ဆိုတယ်။
နောက်အာရုံကြောဖောက်ပြန်ရောဂါစု တစ်မျိုးမှာပါကင်စွန်း (Parkinson's) ရောဂါ ခြားနားချက်တွေရှိမှုနဲ့ “မှားယွင်းတဲ့ ဆဲလ် လုပ်နည်း” ကို သတိပြုမိပြီးဖြစ်ကြောင်း အဆီမော်လီကျူးကာလ်မိုက်(Caramide) က ပုံမှန်ဆဲလ်နံရံတွေမှာပါဝင်ပတ်သက်ပြီး ဆဲလ် လုပ်ငန်းတွေပြောင်းလဲစေတယ်ဆိုတယ်။ ယခုတွေ့ရှိမှုအရသီးခြားရှိတဲ့ ဗီဇဂျင်း(Gene)ပါကင်စွန်းရောဂါဖြစ်စေပြီး အခြားဦး နှောက်ဆိုင်ရာ အစီအစဉ်မကျမှု သဏ္ဌာန်တူဖြစ်စေတယ်ဆိုတယ်။ အဆီမော်လီကျူးရဲ့ ပုံစံပြောင်းချိတ်ဆက်မိပြီး ပါကင်စွန်း ရောဂါဖြစ်စေကြောင်း ကောက်ချက်ချထားပါတယ်။ အမေရိကန် ပြည်ထောင်စု တက္ကဆက်တက္ကသိုလ် ဟူစတန်မြို့ ဘယ်လာ ဆေးကောလိပ် (Baylar Collage of Medicine) က ပါကင်စွန်းလက္ခဏာတူတဲ့ မှားယွင်းတဲ့ဗီဇ (Gene)ဖြစ်တဲ့ (Fruit fly Model) ကို မမျှော်လင့်ပဲတွေ့ရှိခဲ့ရာ သတိမေ့ခြင်းကို ပုံဖော်နိုင်ပါတယ်။ (၂၀၁၈)ဇွန်၁၇ ရက် ကျန်းမာရေးသတင်းမှာဖော်ပြခဲ့ပါတယ်။
စိတ်ဓာတ်ကျခြင်း အချို့မှာ သူငယ်ပြန်ခြင်း (Dementia)နဲ့ ဆက်စပ်နေတယ်။ ကိုဗစ်ကာလမှာ စိတ်ပိုင်းဆိုင်ရာခံစားမှုများ ပိုမိုဖြစ် လွယ်တယ်။ စိတ်ဓာတ်ကျတယ်ဆိုတာ အလုပ်ခွင်မှာရော၊ လူမှုဆက်ဆံရေးနယ်ပယ်မှာပါ အဆင်မပြေမှုတွေ အတော်များတယ်။ စိတ်ထဲမှာ အကောင်းမြင်တဲ့ အတွေးတွေက ပိုများနေတတ်ပြီး ယုံကြည်မှုကင်းမဲ့နေတဲ့အနေအထားကို စိတ်ဓာတ်ကျခြင်းလို့ ခေါ်ပါတယ်။ ဝမ်းနည်းသလိုတွေနေရပြီး၊ အရမ်းစိတ်ဝင်စားတဲ့အရာ ပုံမှန်လုပ်နေကျအလုပ်တွေပါ စိတ်ဓာတ်ကျရင် စွန့်လွှတ် ခဲ့တယ်။
ကလေးကစပြီး အိပ်ရာထဲလဲနေတဲ့ လူမမာသက်ကြီးဘိုးဘွားတွေ အိမ်သူသက်ထားတွေအားလုံး ဖြစ်နိုင်တယ်။ စိတ်ဓာတ်ကျခြင်း လက္ခဏာတွေက အမြဲလိုလိုပင်ပန်းနေမယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု အားနည်းနေတယ်။ အစားစားချင်စိတ်မရှိဖြစ်မယ်။ အစာတွေအရမ်းစားနေမိရင် ဝလာတယ်။ အာရုံမစိုက်နိုင်ဘူးဖြစ်နေမယ်။ အိပ်မပျော်ဖြစ်မယ်။ တစ်ချိန်လုံးအိပ်နေမယ်။ မျှော်လင့် ချက်မဲ့သလိုဖြစ်မယ်။ ဝမ်းနည်းနေမယ်။ အကြောင်းမဲ့ငိုနေမယ်။ တစ်ချိန်လုံးဒေါသဖြစ် မယ်။ အပြစ်ရှိသလိုခံစားရမယ်။ ဝမ်းချုပ်မယ်။ အဆစ်တွေနာကျင်ကိုက်ခဲမယ်။ ကိုယ့်ကိုယ်ကိုယ်ထိခိုက်အောင် လုပ်ချင်နေမိမယ်။ ပြဿနာဖြေရှင်းနိုင်စွမ်းနည်းနေမယ်။
(Home Stay) ကာလမှာ စိတ်ပိုင်းဆိုင်ရာထိခိုက် လွယ်တယ်။ စိတ်ဓာတ်ကျတဲ့ အကြောင်းရင်းက တစ်ခုတည်းမဟုတ်သလို လူတစ်ယောက်စီမှာ စိတ်ဓာတ်ကျရတဲ့ အကြောင်းရင်းအမျိုးမျိုးရှိနိုင်ပါတယ်။ မိသားစုဝင်တစ်ဦး(သို့) ချစ်ခင်ရသူ တစ်ဦးဦးရဲ့ လျစ်လျူရှုခံရတာ၊ မိသားစုတွင်းမှာ ပြဿနာရှိနေတာ၊ အလုပ်လက်မဲ့ဖြစ်သွားကာ စီးပွားရေးအရှုံးပေါ်ကာ ဝင်ငွေမရှိဖြစ်နေတာ၊ လူမှုဆက်ဆံရေးမှာ ပြဿနာတွေရှိနေတာ အလုပ်ခွင်မှာ မတရားဖိနှိပ်ခံရတာ၊ မျှတမှုမရှိတဲ့ လုပ်ငန်းခွင်အခြေအနေ၊ ပတ်ဝန်းကျင် အခြေအနေနဲ့ ကြုံတွေ့ရတာ၊ ကလေးမွေးပြီးစမှာ တွေ့ကြုံရတဲ့ အပြောင်းအလဲတွေကြောင့် စိတ်ဓာတ်ကျတာတွေဖြစ် နိုင်တယ်။ ဒီဂရီကွာခြားမှု အနည်းအများရှိနိုင်တယ်။
အပျော့စားစိတ်ဓာက်ကျမှုက အပြင်းအထန်စိတ်ဓာတ်ကျနေတဲ့ အနေထားမျိုးမဟုတ်သေးဘူး၊ အလုပ်တွေပုံမှန်အတိုင်း ဆက်လုပ် နေနိုင်တယ်။ ပုံမှန်ထက်တော့ အားစိုက်လုပ်ရလို့ ပင်ပန်းနေတာမျိုးရှိနိုင်တယ်။ သိပ်မပြင်းထန်တဲ့ စိတ်ဓာတ်ကျမှုကတော့ သာမန် ထက် အပျော့စား စိတ်ဓာတ်ကျတာထက် ပြင်းထန်လာပြီး ပုံမှန်တစ်ကိုယ်ရေသန့်ရှင်းရေးတို့ ပုံမှန်အလုပ်ကို လုပ်ဆောင်ဖို့ အခက်တွေ့တာမျိုး ရှိနိုင်ပါတယ်။
ပြင်းထန်တဲ့စိတ်ဓာတ်ကျမှုက မိသားစုကို စောင့်ရှောက်ဖို့၊ အလုပ်တွေ ပုံမှန်အတိုင်းလုပ်ဆောင်နိုင်ဖို့မဖြစ်နိုင်တော့သလို၊ ကိုယ့်ကိုယ် ကိုယ်တောင် ကောင်းကောင်းဂရုမစိုက်နိုင်တော့ပါဘူး။ ယုံကြည်မှုလည်း တော်တော်အားနည်းသွားပါပြီ။ စိတ်ဓာတ်ကျခြင်းအမျိုးအစားတွေရှိပါတယ်။ အမြဲစိတ်ဓာတ်ကျမှု မူမမှန်ရောဂါ၊ ကလေးမွေးပြီးစ စိတ်ဓာတ်ကျရောဂါ၊ ရာသီပြောင်းချိန် စိတ်ဓာတ်ကျရောဂါတို့ဖြစ်တယ်။
အမြဲစိတ်ဓာတ်ကျရောဂါဟာ အရမ်းမပြင်းထန်ပေမယ့် ကာလရှည်ကြာခံစားရတဲ့ စိတ်ဓာတ်ကျမှုဖြစ်တယ်။ နှစ်နဲ့ချီပြီး ခံစားရတယ်။ အချို့ကိုယ့်ကိုယ်ကိုယ် သတ်သေသွားနိုင်တယ်။ ကလေးမွေးပြီးခါစ စိတ်ဓာတ်ကျရောဂါဟာ အမျိုးသမီးတွေကိုယ်ဝန်ဆောင်ချိန်နဲ့ မီးဖွားပြီးချိန်မှာ တွေ့ရတယ်။ အရမ်းဝမ်းနည်းတယ်၊ စိုးရိမ်စိတ်များတယ်၊ စိတ်ရှုပ်ထွေးတယ်၊ ပြင်းထန်တဲ့စိတ်ဓာတ်ကျရောဂါ (Psychotic Depression)ပြင်းထန်တဲ့ စိတ်ဓာတ်ကျမှု အခြေအနေတစ်ရပ်ဖြစ်တယ်။ ယုံမှားလွန်တာမျိုး၊ သံသယစိတ်လွန်ကဲတဲ့ အခြေအနေခံစားရပါတယ်။
ရာသီအလိုက် စိတ်ဓာတ်ကျမှု (Seasonal AffectiveDisorder)(SAD) မှာ နေရောင်ရရှိမှုနည်းတဲ့ ဆောင်းတွင်းကာလမျိုးမှာ ခံစားရနိုင်တယ်။ရာသီဥတုကြောင့်ဖြစ်တဲ့ စိတ်ဓာတ်ကျမှုပါ။ လူမှုဆက်ဆံရေးပြဿနာရှိတာ တစ်ချိန်လုံး အိပ်နေမိတာ၊ ကိုယ် အလေးချိန်တက်လာတာတွေဟာ ရာသီဥတုကြောင့် စိတ်ဓာတ်ကျလက္ခဏာတွေပဲ။
စိတ်ဓာတ်ကျတာကို သက်သာအောင်လူယုံ(သို့) ခင်မင်ရင်းစွဲရှိသူတစ်ယောက်အပေါ်မှာ ဖွင့်ပြောတိုင်ပင်သင့်တယ်။ နှစ်သိမ့် ဆွေးနွေးမှုခံယူသင့်တယ်။ ရင်းနှီးကျွမ်းဝင်တဲ့ မိတ်ဆွေတွေထံ သွားရောက် လည်ပတ် စိတ်ပြောင်းလဲစေသင့်တယ်။
လိုအပ်တဲ့ဆေးကုသမှုခံယူသင့်တယ်။ နေ့စဉ်နာရီဝက်မှ တစ်နာရီအားကစားဖြစ်တဲ့ အပြေး၊ လမ်းလျှောက်၊ရွရွပြေး၊ စက်ဘီးစီး၊ ရေကူးလုပ်သင့်တယ်။ ခရီးထွက်သင့်တယ်။ အိပ်မပျော်ရင် ဆရာဝန်ညွှန်တဲ့အိပ်ဆေးသောက်ပြီးအိပ်ရမယ်။
နောက်ထပ်သုတေသနအရ လူ့သက်တမ်းအသက် ၄၀-၅၀ နှစ်များအတွင်း ဦးနှောက်ရောင်ရမ်းကျုံ့ဝင်သွားမှုနဲ့ သက်ကြီးပိုင်း “သူငယ်ပြန်ခြင်း” တို့ ဆက်စပ်နေတယ်လို့ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၄ ရက် ကျန်းမာရေးသတင်းတွေမှာ ဖော်ပြထားပါတယ်။
ယနေ့သက်ကြီးပိုင်းတွေမှာ အသက်ကြီးလာတာနဲ့အမျှ “သူငယ်ပြန်” မှုမြင့်တက်နေရာ ၂၀၁၆ ခုနှစ်မှာ သူငယ်ပြန်ခြင်းရဲ့အစ အယ်ဇိုင်းမားရောဂါရှိသူ ၂၆ ဒသမ ၆ သန်း ကမ္ဘာတစ်ဝန်းရှိနေတယ်။ ခရစ်သက္ကရာဇ် ၂၀၅၀ မှာ ဒီထက်များလာနိုင်တယ်။ အဆိုပါအချိုးအတိုင်းသာဆိုရင်လူ ၈၅ ယောက်မှာ တစ်ယောက်သူငယ်ပြန်ခြင်းဖြစ်နိုင်ပါတယ်။ တိုက်ရိုက်ကုသဆေးမရှိသေးပါ။ လက္ခဏာသက်သာစေတဲ့ဆေးဝါးတွေရှိပါတယ်။ အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ သူငယ်ပြန်ဖို့ပိုပြီး နီးစပ်လာတယ်။
အခြားဖြစ်နိုင်ခြေတစ်ခုမှာ အပိုလီပိုပရိုတိန်းမျိုးဗီဇက အယ်ဇိုင်းမားရောဂါရှင်တွေမှာ မြင့်တက်လာပြီး ဆေးလိပ်သောက်ခြင်း၊ သွေးပေါင်ချိန်မြင့်တက်ခြင်း၊ သွေးတိုးနဲ့ဆီးချိုရောဂါတို့က သူငယ်ပြန်ခြင်းရောဂါဆိုးစေပါတယ်။ လူလတ်ပိုင်းဦးနှောက်ရောင်ရမ်း ကျုံ့ဝင်ခြင်းက သူငယ်ပြန်ခြင်းဖြစ်စေဖို့ တွန်းအားပေးနေပါတယ်။ သိပ္ပံပညာရှင်တို့က ဦးနှောက်ရောင်ရမ်းကျုံ့ဝင်ရောဂါနဲ့ နှလုံးသွေးကြောရောဂါ၊ ဆီးချိုနဲ့ကင်ဆာရောဂါ၊ စိတ်ဓာတ်ကျခြင်းနဲ့ စိတ်ရောဂါတို့က ဆက်စပ်နေတယ်လို့ ယနေ့ကျန်းမာရေး သတင်း ၄-၁၁-၂၀၁၇ အရ သိရပါတယ်။ အယ်ဇိုင်းမား၊ ပါကင်စွန်ရောဂါတို့ဟာ သူငယ်ပြန်ခြင်းရဲ့လက္ခဏာပဲဖြစ်တယ်။ ဗုဒ္ဓဘာသာဝင်တို့အနေနဲ့ ကိုယ့်စိတ်ကို အမြဲသတိရှိအောင် တရားမှတ်ခြင်းပဲဖြစ်ပါတယ်။ တရားမှတ်တဲ့သူဟာ ဆရာရဲ့ ညွှန်ပြသွန်သင်မှုအတိုင်း ထွက်သက်၊ဝင်သက်၊ ဝင်လေ၊ ထွက်လေကို မလွတ်အောင်မှတ်နေရင် သတိအား အလွန်ကောင်း တတ်ပါတယ်။ တစ်ခါစိတ်ကိုလည်း လိုက်ကြည့်ပြီး စိတ်ပူပင်နေသလား၊ဒေါသထွက်နေသလား၊ ပျော်နေသလား၊ လိုက်မှတ်နိုင်မယ်။ သည်လိုရှုမှတ်တာများလာရင် သတိခွန်အားပြည့်လာပါတယ်။ တရားထိုင်ခြင်းက စိတ်ကို စုစည်းထားတာဖြစ်လို့ တည်ငြိမ်နေတယ်။ စိတ်အာရုံစူးစိုက်မှု ကောင်းမွန်စေပါတယ်။
လက်တွေ့လုပ်ကြည့်ရင် ခရီးသွားဖို့ ယူသွားမယ့်ပစ္စည်းကို စာရွက်နဲ့အမျိုးအမည်စီတန်းရေးသင့်တယ်။ဒါမှမဟုတ် ဈေးဝယ်စာရင်းကို ရေးမှတ်ပြီး လိုက်ဝယ်ကြည့်သင့်တယ်။ ဝယ်ယူပြီးတိုင်း ငွေနဲ့ပြန်ပြန်စစ်တဲ့ အကျင့်လုပ်သင့်ပါတယ်။ နိုင်ငံ့ဝန်ထမ်းဘဝမှာ ယနေ့ဘာပြီးအောင်လုပ်ရမယ်ဆိုတာ မနက်အိမ်ကမထွက်ခင်ကတည်းက မှတ်ထားတတ်တဲ့အကျင့်ကို နမူနာယူပြီး လိုက် လုပ်ကြည့်သင့်ပါတယ်။ ဆရာ၊ ဆရာမတို့ဆိုရင်သည်နေ့သင်ကြားပေးရမယ့်ကျောင်းသင်ခန်းစာအတွက်တစ်ညလုံးပြင်ဆင်သွားပါမှ တော်ကာကျပါမယ်။ ကိုယ်သင်လိုက်တဲ့စာကို ကျောင်းသားဘယ်နှယောက်စွဲလမ်းမှတ်မိသွားအောင် လုပ်နိုင်သလဲပေါ်မူတည်လို့ သင်ကြား နည်းစနစ်လည်း တိုးတက်လာကာ အောင်မြင်တဲ့ဆရာ၊ ဆရာမဖြစ်လာစေတယ်။
အသက်ကြီးလို့ ပင်စင်ပေးတဲ့အခါ အချို့လူတွေစိတ်လျှော့လိုက်ကြတယ်။ နေ့စဉ်ဖတ်နေကျနေ့စဉ်သတင်းစာတောင်မဖတ်တော့ဘဲ တရားလည်း ဟုတ်တိပတ်တိမရှုမှတ်တတ်ဘဲ၊ စိတ်ဓာတ်ကျသွားတတ်တယ်။ အာရုံကြောအားဆေးတွေလည်း သောက်ပေးသင့်ပါ တယ်။ နီရိုဘိုင်ရွနီ၊ ဘီဝမ်း၊ နီရိုဖို့တို့ တစ်နေ့ နံနက်တစ်လုံး ညတစ်လုံးသောက်ကြည့်သင့်သလို နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်ရင် ဆရာဝန်ညွှန်ကြားတဲ့အိပ်ဆေးတစ်ညတစ်လုံးသောက်ပြီး အိပ်စက်သင့်ပါတယ်။ စိတ်ဓာတ်ကျခြင်းကို စနစ်တကျကုစားသင့်ပါ တယ်။ ။
ဒေါက်တာလွင်သန့်