စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်ရေး

 

တပ်မတော်သည်နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကအကျဆုံးသော လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည် နှင့်အညီ တပ်မတော်ကိုအင်အားတောင့်ပြီးစွမ်းရည်ထက်မြက်သော ခေတ်မီသည့်တစ်ခုတည်းသော မျိုးချစ်တပ်မတော်ဖြစ်စေရန် ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိသည်။ တပ်မတော်သည် နိုင်ငံတော် နှင့်ပြည်သူများအတွက် အဓိကတာဝန်ကြီးသုံးရပ်ကို ထမ်းဆောင်လျက်ရှိသည်။ ထိုတာဝန်ကြီးသုံးရပ်မှာ စစ်တိုက်ရန်တာဝန်၊ လေ့ကျင့်ရန်တာဝန်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းတာဝန်များဖြစ်သည်။ ထိုတာဝန် သုံးရပ်သည် စက်ဝိုင်းတစ်ခုကဲ့သို့လည်ပတ်နေသည်။ စစ်တိုက်ရန်မရှိက လေ့ကျင့်မည်၊ စစ်တိုက်ရန်နှင့် လေ့ကျင့်ရန်မရှိကပြည်သူ့အကျိုးပြုလုပ်ငန်းများလုပ်ဆောင်မည်။

တပ်မတော်သည် ထိုတာဝန်သုံးရပ်ကို တစ်ခုချင်းသော်လည်းကောင်း၊ သုံးခုစလုံးကိုသော်လည်းကောင်း တစ်ပြိုင်နက်ထမ်းဆောင်လျက်ရှိသည်။ တပ်မတော်တစ်ရပ်၏ စွမ်းရည်ထက်မြက်ရေးမှာ လေ့ကျင့်ရေး ဖြစ်ပေသည်။ လေ့ကျင့်ရေးတွင် ချွေးထွက်များမှသွေးထွက်နည်းမည်ဟူသော စကားရှိသည်။ များများ လေ့ကျင့်မှုပြုလုပ်ထားနိုင်လေ များများအောင်ပွဲရလေလေဖြစ်သည်။ လေ့ကျင့်ခြင်းဖြင့် အရေအတွက်မှ အရည်အချင်းသို့ဟူသည့် လေ့ကျင့်ရေးဆောင်ပုဒ်အတိုင်း အင်အားများ၊ အရေအတွက်များကို အရည် အချင်းရှိသူများဖြစ်လာအောင် လေ့ကျင့်ရခြင်းဖြစ်သည်။ ကမ္ဘာ့နိုင်ငံအများအပြားရှိ တပ်မတော်တိုင်း သည်လည်း လေ့ကျင့်ရေးကိုအလေးထားဆောင်ရွက်လျက်ရှိသည်။

တပ်မတော်တွင်ရာထူးအဆင့်အလိုက်တက်ရောက်ရန် သတ်မှတ်ထားသောသင်တန်းများရှိပေသည်။ ထိုသင်တန်းများတွင် စစ်ဦးစီးတက္ကသိုလ်သည်လည်း တစ်ခုပါဝင်သည်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကလောတပ်နယ်ရှိ စစ်ဦးစီးတက္ကသိုလ်မှ နည်းပြ အရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား Video Conferencing ဖြင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၈ ရက်နေ့တွင်တွေ့ဆုံအမှာစကားပြောကြားခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က “ခေါင်းဆောင်မှုပညာရပ်သည် အလွန်အရေးကြီးပြီး မိမိ၏ ခေါင်းဆောင်မှုညံ့ဖျင်းပါက မိမိကိုယ်တိုင်သာမက မိမိကွပ်ကဲအုပ်ချုပ်ရသူများ၏ အသက်၊ သွေး၊ ချွေးများစွာဆုံးရှုံးမှုကြီးမားနိုင်မည်ဖြစ်သဖြင့် သင်ကြားပေးသည့်အတတ်ပညာများကို ကျွမ်းကျင်ပိုင်နိုင် မှုရှိအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ကိုကာကွယ်နိုင်ရန်အတွက် မိမိသင်ကြားထား သည့် အတတ်ပညာများကို အသုံးချတတ်ရန်လိုအပ်သကဲ့သို့ အသုံးချနိုင်အောင်လည်း အမြဲမပြတ်လေ့ လာအားထုတ်နေရမည်ဖြစ်ကြောင်း၊... မိမိနှင့်မိမိလက်အောက်ကိုစိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်အောင် လေ့ကျင့်ဆောင်ရွက်ပေးထားနိုင်မှသာလျှင် တိုက်စွမ်းရည်၊ တိုက်စွမ်းအား ကောင်းမွန်မြင့်မားအောင် ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

စစ်ဆင်ရေးတာဝန်သည် စုပေါင်းထမ်းဆောင်ရသောတာဝန်ဖြစ်သည်။ ထိုစုပေါင်းထားသူများသည် တစ်စိတ်တစ်ဝမ်းတည်း ညီညီညွတ်ညွတ်ရှိနေရန် လိုအပ်ပေသည်။ “တိုက်လည်းဖြိုးဖြိုး၊ ထိုးလည်း ရုတ်ရုတ်၊ ဆုတ်လည်းညီညီ၊  ချီလည်းကြွကြွ၊ ချလည်းကြပ်ကြပ်၊ ရပ်လည်းမှန်မှန်၊ ပြန်လည်းစိုက်စိုက်၊ စစ်တိုက်ပီပီ၊ စစ်ချီစစ်သွား၊ ဖြစ်သောအားကြောင့်၊ ထူးပြားမစိုး၊ မညှိုးမနွမ်း၊ တစ်ဝမ်းတည်းဖွား၊ လူအလားသို့” ဆိုသည့်အတိုင်းရှိနေရမည်မှာ တပ်မတော်သားတို့၏ စိတ်ဓာတ်ဖြစ်ပေသည်။

တပ်မတော်သားတို့သည် ကျန်းမာအောင်နေပါ၊ သန်စွမ်းအောင်လေ့ကျင့်ပါ ဆိုစကားအတိုင်း ကျန်းမာ ရေးကောင်းမွန်နေရန် လိုအပ်လှသည်။ ကျန်းမာရေးကောင်းမွန်ပြီး သန်စွမ်းနေမှသာ တိုက်ပွဲဝင်နိုင်ပေ မည်။ ယနေ့ကာလသည် ကာယအားကိုချည်းအားကိုး၍ စစ်တိုက်နေရသည်မဟုတ်ရကား တပ်မတော် သားတိုင်း ဉာဏအားမြင့်မားဖို့လိုအပ်ပေသည်။ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်နေရန်၊ အတွေးအခေါ် ကောင်းမွန်နေရန်မှာ စာပေကိုလေ့လာဖတ်ရှုမှသာ ရနိုင်ပေသည်။ ဗဟုသုတမကြွယ်ဝပါက သူများ ပြောဟုတ်နိုးနိုးမှတ်ယူတတ်သည်။ ထို့ကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အထက်ပါ တွေ့ဆုံပွဲတွင် “စာကြည့်တိုက်တွေမှာစာဖတ်။ စာဆိုတာကတော့ ကိုယ့်ရဲ့တွေးခေါ်မြော်မြင်နိုင်စွမ်းကို မြှင့်တင်ပေးတာပဲ။ အဲ့တော့အကျိုးရှိတဲ့စာတွေဖတ်ပြီးတော့မှ တကယ်လက်တွေ့နယ်ပယ်မှာ လုပ်ငန်း  တာဝန်ထမ်းဆောင်တဲ့အခါမှာ ပိုပြီးတော့မှ ပိုပြီးတော့ကောင်းတဲ့ ဦးဆောင်မှုမျိုးပေးနိုင်တဲ့သူမျိုး ဖြစ်အောင် ခုကတည်းက မင်းတို့ပြင်ဆင်ထားဖို့လိုလိမ့်မယ်”ဟူ၍ ပြောကြားခြင်းဖြစ်သည်။ ဤသည်မှာ တပ်မတော်သားအားလုံး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာကျန်းမာကြံ့ခိုင်ရေးပင်ဖြစ်ပါကြောင်း  ရေးသား လိုက်ရပေသည်။