မကွေး၊ စိုက်ပျိုးစီးပွား
ရာသီဥတုပူပြင်း၍ ခရမ်းချဉ်စိုက်ဧကများ လျှော့ချစိုက်ပျိုးခဲ့သည့်အတွက် အသီးထွက်ရှိချိန်တွင် ဈေးနှုန်းအတက်ဘက်သို့ ဦးတည် နေကြောင်း ခရမ်းချဉ် စိုက်ပျိုးသူများ၏ ပြောပြချက်အရ သိရသည်။ ယခုနှစ် ခရမ်းချဉ်စိုက်ပျိုးချိန်တွင် အပူချိန်ပြင်းသည့်အတွက် မကွေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး စသည့်အပူပိုင်းဒေသများရှိ ခရမ်းချဉ်စိုက်ပျိုးသူအများစု စိုက်ဧကလျှော့ချစိုက်ပျိုးခဲ့ကြသည်။ သို့ဖြစ်၍ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ခရမ်းချဉ်သီးအထွက်နှုန်းကျဆင်းပြီး ဝယ်လိုအားနှင့် ရောင်းလိုအားမမျှကာ ခရမ်းချဉ်သီးဈေးနှုန်းများ အတက်ဘက်သို့ ဦးတည်နေခြင်းဖြစ်သည်။
“ခရမ်းချဉ်သီး အမျိုးအစားအားလုံး ဈေးတက်နေတာပါ။ ပြီးခဲ့တဲ့နှစ်တုန်းက ခရမ်းချဉ်စိုက်ပျိုးသူတွေ ရှုံးခဲ့ကြတယ်။ ဒါကြောင့် ဒီနှစ်မှာတော့ ဈေးကောင်းရရှိမယ်လို့ ခန့်မှန်းခဲ့သေးတယ်။ ဒါပေမဲ့ ခရမ်းချဉ်သီးစိုက်မယ်ဆိုရင် မတ်လမှာ စိုက်ပျိုးမှ ဒီအချိန်မှာ ခူးပြီးရောင်းလို့ရမှာပါ။ ဒီနှစ်မတ်လက နေတအားပူတယ်။ ရာသီဥတုက အရင်ထက်ပိုပူတော့ စိုက်တဲ့သူတွေကလည်း ထပ်ရှုံးဦးမှာပဲ ဆိုပြီး စိုက်ဧက လျှော့စိုက်ခဲ့ကြတာဖြစ်ပါတယ်” ဟု မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်မှ စီးပွားဖြစ်သီးနှံစုံစိုက်ပျိုးသူ ဦးဟန်ဇော် သက်ကပြောသည်။
လက်ရှိ ခရမ်းချဉ်သီးဈေးနှုန်းမှာ အရည်အသွေးပေါ်မူတည်၍ လက်ကား ဈေး တစ်ပိဿာလျှင် ငွေကျပ် ၁၄၀၀ မှ၂၄၀၀ အထိရှိ ကြောင်း သိရသည်။
နန်းထက်ထက်ချစ်