ဆယ်စောင်တွဲနှင့် ရှေးကမြန်မာများ

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊ မေ  ၄ ရက်)

မြန်မာနိုင်ငံသို့  ဗုဒ္ဓဘာသာသာသနာ စတင်ရောက်ရှိချိန်သည် မြတ်စွာဘုရား ပွင့်တော်မူသည့် မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ်တွင်ဖြစ်ကြောင်း ရွှေတိဂုံစေတီသမိုင်းကို လေ့လာဖတ်ရှုခြင်းဖြင့် သိကြရသည်။ ဥက္ကလာပတိုင်းမှ ကုန်သည်ညီနောင်ဖြစ်သော တဖုဿနှင့်ဘလ္လိက ကုန်သည်ညီနောင်တို့သည် ကုန်အရောင်းအဝယ်ပြု သွားလာရင်း မြတ်စွာဘုရားရှင်ကိုဖူးတွေ့ခဲ့သည်။ ထိုအချိန်က သံဃာရတနာပင် မပေါ်ပေါက်သေးသော အချိန်ဖြစ်သည်။ ဘုရားရှင်က ဆံတော်ရှစ်ဆူကို ပေးသနားတော်မူသဖြင့် ဥက္ကလာပမင်းကြီး ကိုယ်တိုင် ထိုဆံတော်ရှစ်ဆူကို ရွှေတိဂုံစေတီတော်၌ ဌာပနာကာ တည်တော်မူခဲ့သည်မှာ ဗုဒ္ဓဘာသာဝင်တိုင်း သိထားသော သာသနာ့သမိုင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ကိုယ့်မင်းကိုယ့်ချင်းနှင့် နေထိုင်စဉ် တစ်လျှောက်လုံး မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာမှတစ်ပါး အခြားဘာသာများ ထင်ရှားစွာမရှိခဲ့ပေ။  နယ်ချဲ့အင်္ဂလိပ် လက်အောက် ကျရောက်သွားချိန်မှစ၍ အောက်မြန်မာနိုင်ငံတွင် ခရစ်ယာန်သာသနာ စတင်အခြေချလာနိုင်သည်။ ခရစ်ယာန် သာသနာပြုများသည် အထက်မြန်မာနိုင်ငံတွင် မင်းတုန်းမင်းကြီးနှင့် ကျွမ်းဝင်အောင်ပြုကာ သာသနာ ပြန့်ပွားစေခဲ့သည်။ မင်းညီမင်းသားတို့သည်ပင် ခရစ်ယာန် သာသနာပြုကျောင်းမှာ ကျောင်းသားများ ဖြစ်ခဲ့ကြသည်။ ထူးခြားသည်မှာ မင်းတုန်းမင်းကြီးသည် လူငယ်များ ခေတ်မီစေရေးအတွက် သာသနာပြုကျောင်းများတွင် ထားခဲ့သော်လည်း ဗုဒ္ဓဘာသာကိုမူ ပစ်ပယ်ခြင်းလုံးဝမရှိဘဲ မြန်မာနိုင်ငံတွင် ပဉ္စမသင်္ဂါယနာတင်ပွဲကြီးကိုကျင်းပနိုင်ခဲ့သည်။

တစ်နိုင်ငံလုံး သူ့ကျွန်ဘဝရောက်ရှိချိန်တွင် ဗုဒ္ဓဘာသာကို မြန်မာဘုန်းတော်ကြီးများက ထိန်းသိမ်းစောင့်ရှောက် ကာကွယ်ခဲ့ကြသည်။ မြန်မာလူငယ်များသည် ဘုန်းတော်ကြီးကျောင်း များတွင် စာပေသင်ကြားကြရသည်။ ဘုန်းတော်ကြီးကျောင်း ပညာရေးစနစ်ဖြစ်၍ ဆယ်စောင်တွဲသည် မသင်မနေရ ကျမ်းစာဖြစ်သည်။

ရှေးခေတ်က မြန်မာနိုင်ငံသားမှန်လျှင် ဆယ်စောင်တွဲ၏ ကျေးဇူးနှင့်မကင်းကြ၊ ဆယ်စောင်တွဲကို သင်ဖူးသူများကြသည်။ အနည်းဆုံး မင်္ဂလသုတ်လောက်တော့ သင်ဖူးကြသည်။

ဆယ်စောင်တွဲစာအုပ်၌ ဘုရားဟောပိဋကတ် စာပေများနှင့်တကွ နီတိအမျိုးမျိုး၊ ဆုံးမစာအမျိုးမျိုး တို့ကိုပါ ပြဆိုထားသောကြောင့် လောကအကြောင်းရော ဓမ္မအကြောင်းပါ ခြုံငုံမိနေသည်။ ဆယ်စောင်တွဲ သင်ကြားမှုကြောင့် မြန်မာလူငယ်တို့ လိမ္မာရေးခြားရှိကြသည်။ ဆယ်စောင်တွဲဟုအမည်သတ်မှတ်ထားခြင်းမှာ ကျမ်းစာမူ၁ဝ မျိုးတွဲထားသောကြောင့်ဖြစ်သည်။ ထို ၁ဝ မျိုးမှာ မင်္ဂလသုတ်၊ အပြင်အောင်ခြင်း၊ အတွင်းအောင်ခြင်း၊ ရတနာရွှေချိုင့်၊ နမက္ကာရ၊ လောကနီတိ၊ ပရိတ်ကြီး၊ ရှင်မဟာသီလဝံသဆုံးမစာ၊ ရှင်မဟာရဋ္ဌသာရဆုံးမစာ၊ စကားကြီး ၁ဝ မျိုးတို့ဖြစ်ပါသည်။

ထိုဆယ်စောင်တွဲအနှစ်ချုပ်ကိုဖော်ပြရလျှင် မင်္ဂလသုတ်သည် မင်္ဂလာတရား ၃၈ ပါးကို ဟောကြားထားခြင်းဖြစ်သည်။ အပြင်အောင်ခြင်းသည် ဘုရားရှင်၏ ခန္ဓာကိုယ်မှ အပြင်အပရန်သူများကို အောင်မြင်ခြင်း အကြောင်းဖြစ်သည်။ အတွင်းအောင်ခြင်းသည် ခန္ဓာကိုယ်အတွင်း၌ဖြစ်ပေါ်တတ်သော ကိလေသာရန်သူများကို အောင်မြင်ခြင်း အကြောင်းဖြစ်သည်။ ရတနာရွှေချိုင့်သည် ရတနာသုံးပါးကို ရွှေချိုင့်သဖွယ် အကာအရံပြုထားခြင်း အကြောင်းဖြစ်သည်။ နမက္ကာရသည် မြတ်စွာဘုရား၏ဂုဏ်တော်၊ ကျေးဇူးတော်၊ လက္ခဏာတော်များကို ကြည်ညိုဖွယ်ရာ ပြဆိုထားသော ဘုရားရှိခိုးဖြစ်သည်။ လောကနီတိသည် လောကလူသား အကျိုးများအောင် လမ်းညွှန်စာပေဖြစ်သည်။ ပရိတ်ကြီးမှာ ဘေးရန်အမျိုးမျိုးမှ ကာကွယ်စောင့်ရှောက်တတ်သော တရားများဖြစ်သည်။ ရှင်မဟာသီလဝံသ ဆုံးမစာသည် ယဉ်ကျေးလိမ္မာစေရန် ဆုံးမသောစာဖြစ်သည်။ ရှင်မဟာရဋ္ဌသာရ ဆုံးမစာသည်လည်း ယဉ်ကျေးလိမ္မာစေရန် ဆုံးမသောစာဖြစ်သည်။ စကားကြီး ၁ဝ မျိုးမှာ စကားပြောရာ၌ လိမ္မာကျွမ်းကျင်စေရန် စကားပြောနည်းများ ဖြစ်ပေသည်။

ထိုဆယ်စောင်တွဲ သင်ခန်းစာများကြောင့် ရှေးမြန်မာလူငယ်များ အဆက်ဆက်သည် စာပေယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းနိုင်ခဲ့သလို ထိုစာပေများမှ ပေးခဲ့သောအသိကြောင့် ယဉ်ကျေးလိမ္မာခဲ့ကြသည်။

မြန်မာတို့၏ ဆယ်စောင်တွဲစာပေများသည် ပုံနှိပ်လုပ်ငန်း မပေါ်မီ ပေနှင့်ပုရပိုက်ခေတ်ကပင် လက်ရေးဖြင့် ရေးကူး၍ ခေတ်အဆက်ဆက် သင်ယူခဲ့ကြသည်။  မြန်မာနိုင်ငံအထက်ပိုင်း  မန္တလေး မင်းနေပြည်တော်သို့ ပုံနှိပ်လုပ်ငန်းများ ရောက်လာချိန်မှစ၍ ဆယ်စောင်တွဲအမည်ဖြင့် တွင်ကျယ်စွာ ထွက်ပေါ်လာခဲ့သည်။ ရှေးက မြန်မာလူငယ်တို့သည် ဗုဒ္ဓဘာသာ ဆယ်စောင်တွဲ သင်ခန်းစာများကို သင်ကြားခဲ့ရသည့်အတွက် လိမ္မာရေးခြားရှိသော လူငယ်များ ဖြစ်ခဲ့ကြသည်။ ယနေ့ခေတ် လူငယ်များ လိမ္မာရေးခြား ရှိစေရန် ဆယ်စောင်တွဲ သင်ခန်းစာများကို လေ့လာသင်ယူ သင့်ပါကြောင်း ရေးသား လိုက်ရပေသည်။    ။