ဆူပူအကြမ်းဖက်သူများက အပြစ်မဲ့ဒေသခံပြည်သူများအား ရိုက်နှက်သတ်ဖြတ်မှုများ လုပ်ဆောင်

နေပြည်တော်၊ ဧပြီ - ၁၉

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၃)ရပ်ကွက်၊ မြင်းချိုင့်ကွက်သစ်ရပ်၊ မြို့ပြသီရိလမ်းနေ စစ်မှုထမ်းဟောင်းအငြိမ်းစားတစ်ဦးဖြစ်သူ ဦးဟန်အေး(ဘ) ဦးတင်အေး၏ နေအိမ်အား ဧပြီ ၁၈ ရက် ည ၁၁ နာရီ ၄၀ မိနစ်ခန့်တွင် ဆူပူအကြမ်းဖက်သူ ၂၀ ဦးခန့်က အိမ်တံခါးများ ချိုးဖျက်ဝင်ရောက်၍ နေအိမ်အတွင်းရှိ အသုံးအဆောင်ပစ္စည်းများအား ရိုက်ချိုးဖျက်ဆီးခဲ့ကြောင်းသိရှိရသည်။
ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ ည ၁၂ နာရီခွဲချိန်ခန့်တွင် ရောက်ရှိခဲ့ပြီး ဦးဟန်အေးအား၎င်းနေအိမ်၌ တွေ့ရှိရခြင်းမရှိဘဲ ဦးလေးဖြစ်သူ ဦးသိန်းဟန်(ဘ) ဦးအောင်မြတ်သည် ဆူပူအကြမ်းဖက်သူများ၏ ရိုက်နှက်မှုကြောင့် ရရှိဒဏ်ရာများဖြင့် နေရာ၌ပင်သေဆုံးလျက်ရှိပြီး နေလင်းမောင် (ဘ)ဦးဝဲ ဆိုသူသည် ရရှိဒဏ်ရာများဖြင့် သတိ လစ်မေ့မျောနေသည်ကိုတွေ့ရှိရသဖြင့် ပခုက္ကူပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေခဲ့သည်။

ဆက်လက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်းနေအိမ်တစ်ဝိုက်အား လိုက်လံ ရှာဖွေစစ်ဆေးခဲ့ရာ ဦးဟန်အေးအား ဆူပူအကြမ်းဖက်သူများ၏ ရိုက်နှက်ဒဏ်ရာ များ ဖြင့် နေအိမ်အနောက်ဘက်၌ ပြန်လည်တွေ့ရှိခဲ့ပြီး ၎င်းနှင့် ဇနီးဖြစ်သူတို့အား လုံခြုံသောနေရာသို့ ပို့ဆောင်ပေးခဲ့သည်။

ထိုကဲ့သို့ အပြစ်မဲ့ဒေသခံပြည်သူများအား အကြောင်းမဲ့ ရိုက်နှက်သတ်ဖြတ်ခဲ့ သည့် ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သည်ဟု ယူဆရသူ အမျိုးသား ၁၆ ဦးအား ပခုက္ကူ မြို့မရဲစခန်းတွင် ထိန်းသိမ်းထားရှိပြီး လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။