နေပြည်တော်၊ ဧပြီလ ၂၃
နိုင်ငံတော်အတွင်း ဆူပူအကြမ်းဖက်သူများအနေဖြင့် နိုင်ငံတော်ပိုင် အဆောက်အဦများအား လက်လုပ်ဗုံး၊ မီးပုလင်းများဖြင့် ပစ်ပေါက်ခြင်း၊ အများပြည်သူသွားလာလှုပ်ရှားနေသော လမ်းမကြီးများ ပေါ်တွင် လက်လုပ်မိုင်း၊ လက်လုပ်ဗုံးများချထားခြင်းများကဲ့သို့ အဖျက်အမှောင့်လုပ်ရပ်များအား ဆောင်ရွက်လျက်ရှိသည်။
ထိုသို့လုပ်ဆောင်ရာတွင် ဧပြီလ ၂၂ ရက် ည ၇ နာရီ ၁၅ မိနစ်အချိန်တွင် မန္တလေး တိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီကုန်းရပ်ကွက် သာယာဝတီမင်းကြီး လမ်းနှင့် ကျန်စစ်သားလမ်းကြားရှိ “ကမ္ဘာ့ရတနာဘဏ်”(GTB)ရှေ့သို့ တုတ်/ဓားများ ကိုင်ဆောင်ထားသော အကြမ်းဖက်သူ အမျိုးသား ၁၂ ဦးခန့်က ဆိုင်ကယ် ၈ စီးဖြင့် ရောက်ရှိလာပြီး မီးပုလင်း၊ ဓာတ်ဆီအိတ်များဖြင့် ပစ်ပေါက်၍ ထွက်ပြေးသွားခဲ့ရာ အဆိုပါ မီးပုလင်း၊ ဓာတ်ဆီအိတ် များမှာ ဘဏ်ရှေ့မျက်နှာစာနှင့် ရေစက်တင်ထားသည့်ခုံတို့အား ထိမှန်ပေါက်ကွဲ မီးလောင်ကျွမ်းခဲ့ သဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ ည ၇ နာရီ ၂၅ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် ဘဏ်တံခါးမှန် ၁ ချပ် ကွဲကြေပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရ သည်။
အလားတူ ယနေ့နံနက် ၅ နာရီ ၅၀ မိနစ်အချိန်တွင် ချမ်းအေးသာစံမြို့နယ်၊ ဟေမာဇလရပ်ကွက်ရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးအား ၇၆ လမ်းဘက်မှ ၂၈ လမ်းအတိုင်း ဆိုင်ကယ်မောင်းနှင်လာသော အကြမ်းဖက်သူ အမျိုးသား ၂ ဦးက လက်လုပ်ဗုံး ၂ လုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ရာ အဆိုပါ လက်လုပ်ဗုံး ၂ လုံးမှာ ရုံးဝင်းအပြင်ဘက် အုတ်တံတိုင်အနီး ကျရောက်ခဲ့ပြီး ပေါက်ကွဲမှုမရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သက်မဲ့ပြုလုပ်ခဲ့ကြောင်းသိရသည်။
ထို့အတူ နံနက် ၈ နာရီအချိန်တွင် မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁)ရပ်ကွက်၊ ၃၅ လမ်း၊ ၆၅ လမ်းနှင့် ၆၆ လမ်းကြားရှိ ကျန်းမာရေးဝန်ထမ်းအိမ်ရာရှေ့တွင် မသင်္ကာဖွယ် အထုပ် ၁ ထုပ်တွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ အိမ်ရာရှေ့ရှိ ဓာတ်တိုင်အနီးတွင် အမဲရောင်ကြွတ်ကြွတ်အိတ် ၂ လုံးနှင့် ဓာတ်တိုင်ခြေရင်းတွင် ဗျောက်အိုးအကြီး ၁ လုံးအားတွေ့ရှိခဲ့ရပြီး အဆိုပါအိတ်များအား ဖွင့်ဖောက်စစ်ဆေးခဲ့ရာ တရုတ် နိုင်ငံလုပ် ဗျောက်အိုးအကြီး ၆ လုံး တွေ့ရှိရသဖြင့်လုံခြုံရေးတပ်ဖွဲ့ဝင်များက သိမ်းဆည်းခဲ့ကြောင်း သိရှိရသည်။
အလားတူ နံနက် ၈ နာရီခွဲအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ ဆင်မင်း ရပ်ကွက်ရှိ ဆင်မင်းဈေးအနောက်ဘက် စည်ပင်အမှိုက်ပုံးများအနီး၌ လက်လုပ်ဗုံးများတွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အမှိုက်ပုံးများအနီးတွင် ချထားသော အမှိုက်ခြင်းတစ်ခုအတွင်းမှ ကော်ပိုက်ဖြင့် ပြုလုပ်ထားသော လက်လုပ်ဗုံး၆ လုံးအား တွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်မဲ့ပြုလုပ်၍ သိမ်းဆည်းခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်များမှ ဖမ်းဆီးရမိသူများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ပြစ်မှုကျူးလွန်သူများနှင့် ပါဝင်ပတ်သက်သူများအားလည်း စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။