နေပြည်တော်၊ ဧပြီလ ၂၁
နိုင်ငံတော်အတွင်း ဆူပူအကြမ်းဖက်သူ လူစုအုပ်စုများအနေဖြင့် နိုင်ငံတော်ပိုင် အဆောက်အဦများ၊ အေးချမ်းစွာနေထိုင်လိုသော ပြည်သူလူထုအချို့၏ နေအိမ်များအား အကြမ်းဖက်ရန်ပြု ဖျက်ဆီးခြင်းနှင့် လက်ပစ်ဗုံး၊ လက်လုပ်ဗုံးများဖြင့် ပစ်ပေါက်ဖောက်ခွဲ ဖျက်ဆီးခြင်းများအား လုပ်ဆောင်လျက်ရှိသည်။
ထိုသို့လုပ်ဆောင်ရာတွင် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ မန္တလေး-မိုးကုတ်ကားလမ်းမဘေးရှိ ရှောက်ပင်ရိုးကျေးရွာ အုပ်စု ကျေးရွာစီမံ အုပ်ချုပ်ရေးအဖွဲ့ရုံးအား အကြမ်းဖက်သူများက မီးရှို့ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်၍ ကျေးရွာနေပြည်သူများနှင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ ၃ နာရီအချိန်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် ရုံးအတွင်းရှိ ဘီရို ၄ လုံး၊ ရေခဲ သေတ္တာ ၁ လုံး၊ မိတ္တူကူးစက် ၁ လုံး၊ လေအေးပေးစက် ၁ လုံး၊ ပလပ်စတစ်ထိုင်ခုံ ၅၀ လုံး၊ TV ၁ လုံး၊ ဝါတာကိုလာ ၁ လုံး၊ အောက်စက် ၁ လုံး၊ စားပွဲ ၃ လုံးနှင့် ရုံးစာရွက်စာတမ်းများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
အလားတူ ညနေ ၄ နာရီ ၄၅ မိနစ်အချိန်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ် မြို့၊ အမှတ်(၄)နဝရတ်ရပ်ကွက်၊ ဆရာစံလမ်းရှိ "ကိုရွှေစိုး" လက်ဖက်ရည်ဆိုင်အား အကြမ်းဖက်သူ အမျိုးသား ၁ ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ဆိုင်အတွင်းသို့ လက်ပစ်ဗုံး ၁ လုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့ကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးခဲ့ရာ ဆိုင်အတွင်းကျရောက်ကာ ပေါက်ကွဲမှုမရှိသည်ကို တွေ့ရှိရသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက သက်မဲ့ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့အတူ ည ၆ နာရီ ၂၀ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ်(၂) ရပ်ကွက်၊ ရပ်ကွက်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးအား စက်ဘီးစီးနင်းလာသည့် အကြမ်းဖက်သူ အမျိုးသား ၁ ဦးက လက်လုပ်ဗုံး ၁ လုံးဖြင့် ပစ်ပေါက်သွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ လက်လုပ်ဗုံးမှာ ရပ်ကွက်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံး၏ ဘေးရှိ တိုက် ၂ လုံးကြား ကျရောက်ခဲ့ပြီး ပေါက်ကွဲမှုမရှိသည်ကိုတွေ့ရှိရသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့ကြောင်း သိရှိရသည်။
အလားတူ ည ၇ နာရီ ၂၅ မိနစ်အချိန်တွင် နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ပျဉ်းမနားမြို့၊ ရွှေချီရပ်ကွက်၊ ရွှေချီ(၆)လမ်းနှင့် သခင်ထွန်းအုပ် လမ်းထောင့်ရှိ မြဝတီဘဏ်အား အကြမ်းဖက်သူက လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ခဲ့ကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ လက်လုပ်ဗုံးမှာ ဘဏ်ရှေ့မျက်နှာစာသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူနှင့် အဆောက်အဦ ထိခိုက်မှု မရှိကြောင်း သိရသည်။
ထို့အတူ ည ၁၀ နာရီ ၄၅ မိနစ်အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့ ဈေးရုံဗိုလ်တဲရပ်ကွက်နေ ဦးကျော်စိုး(၆၇)နှစ်(ဘ)ဦးဘကြီး၏ နေအိမ်အား အကြမ်းဖက်သူများက လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ခဲ့၍ အဆိုပါ လက်လုပ်မိုင်းမှာ ဦးကျော်စိုး၏ နေအိမ် ခြံဝင်းအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် နေအိမ်ရှေ့ရှိ အလှပန်းအိုးများ ထိခိုက် ပျက်စီးခဲ့ကာ လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရသည်။
အလားတူ ည ၁၁ နာရီ ၄၀ မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ အမှတ် (၁၅)ရပ်ကွက်၊ ဓမ္မာရုံလမ်းနေ ဒေါ်ဝင်းကြည်၏ နေအိမ်အား အကြမ်းဖက်သူများက မီးပုလင်းဖြင့် ပစ်ပေါက်ခဲ့ရာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှသွားရောက် မီးငြှိမ်းသတ်ခဲ့ရာ ည ၁၂ နာရီခွဲအချိန်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် ဒေါ်ဝင်းကြည် နေအိမ်ပါ လူနေအိမ် ၁၀ လုံး၊ ဂိုဒေါင် ၁ လုံး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ထို့အတူ ယနေ့ နံနက် ၉ နာရီ ၂၀ မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ တောင်ဘိုကျေးရွာနှင့် ညောင်လေးပင် ကျေးရွာကြားရှိ သမန်းတောချောင်းပေါ်တွင် ဆောက်လုပ်ထားသော အလျား ၃၀ ပေ၊ အနံ ၁၅ ပေရှိ ရွာချင်းဆက် သစ်သား ဘေလီတံတားအား အကြမ်းဖက်သူများက မီးရှို့ခဲ့သဖြင့် မီးလောင်ကျွမ်းခဲ့ပြီး နံနက် ၉ နာရီခွဲအချိန်တွင် မီးငြိမ်းသွားခဲ့ ကြောင်းနှင့် မီးလောင်မှုကြောင့် တံတား၏ ယာဘက်ခြမ်း အလျား ၄ ပေ၊ အနံ ၃ ပေခန့် မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။
အလားတူ နံနက် ၁၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ အောင်မင်္ဂလာ ရပ်ကွက်၊ အမှတ်(၉) အခြေခံပညာ အထက်တန်းကျောင်းအနီးရှိ ခြုံထဲတွင် မသင်္ကာဖွယ်ရာ ပလက်စတစ် အိတ် ၁ လုံးတွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါအိတ်အတွင်းမှ စနက်တံပါ လက်လုပ်ဗုံး ၅ လုံးတို့အား တွေ့ရှိရသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက သက်မဲ့ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ထို့အတူ နေ့လယ် ၁၁ နာရီခွဲအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်၊ အောင်မြေဒဂုံ ဘုန်းကြီးကျောင်းအတွင်းရှိ Mytel တာဝါတိုင် ထိန်းချုပ်ခန်းအား အကြမ်းဖက်သူ အမျိုးသား ၄ ဦးက မီးရှို့ခဲ့သဖြင့် မီးလောင်မှု ဖြစ်ပွားခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်၍ မီးငြှိမ်းသတ်ခဲ့ရာ နေ့လယ် ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ပြီး အဆိုပါ မီးလောင်မှုကြောင့် တာဝါတိုင် ထိန်းချုပ်ခန်း အတွင်းရှိ ဝါယာကြိုးများ၊ AirCom ၂ လုံးအပေါ်ကာဘာနှင့် မြို့နယ်နေရာပြမြေပုံတို့ မီးလောင် ပျက်စီးခဲ့ကြောင်း သိရှိရသည်။
အလားတူ နေ့လယ် ၁၂ နာရီ ၄၀ မိနစ်အချိန်တွင် မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကျီတော်ရပ်ကွက်၊ ပေတောကုန်းလမ်းနှင့် မဟာသုခလမ်းတို့၌ ပေါက်ကွဲမှု ဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ ပေတောကုန်းလမ်းနှင့် ရထားလမ်းသို့ ဖြတ်ကူးသော လူကူးသံလှေကားအောက်၌ ပေါက်ကွဲထားပြီးသော အချိုရည်ဗူးခွံ ၁ ခုနှင့် မဟာသုခလမ်းရှိ စည်ပင်အမှိုက်ပုံးနှင့် အုတ်နံရံကြားရှိ ရေမြောင်းအဖုံးပေါ်တွင် ပေါက်ကွဲထားပြီးသော အချိုရည်ဗူးခွံ ၁ ခုတို့အား တွေ့ရှိခဲ့ရပြီး အဆိုပါ ပေါက်ကွဲမှုကြောင့် လူနှင့် ပစ္စည်းထိခိုက် ပျက်စီးမှုမရှိကြောင်း သိရသည်။
ထို့အတူ မွန်းလွဲ ၁ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၂၇)ရပ်ကွက် ရပ်ကွက်စီမံ အုပ်ချုပ်ရေးအဖွဲ့ရုံးအား အကြမ်းဖက်သူ အမျိုးသား ၂ ဦးက ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ရာ အဆိုပါ လက်လုပ် ဗုံးမှာ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အမိုးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ရုံးအနည်းငယ် ပျက်စီးပြီး လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရှိရသည်။
အဆိုပါဖြစ်စဉ်များမှ ဖမ်းဆီးရမိသူများအား ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ပြစ်မှုကျူးလွန်သူများနှင့် ပါဝင် ပတ်သက်သူများအားလည်း စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။