နေပြည်တော် ဧပြီ ၂ဝ
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်ဆေးရုံ၊ ဟံဇားတိုက်နယ် ဆေးရုံ၊ ယင်းမာပင်တိုက်နယ်ဆေးရုံ၊ ညောင်ရမ်းတိုက်နယ်ဆေးရုံ၊ ဝမ်းတွင်းမြို့နယ်၊ ပင်းတလဲ တိုက်နယ်ဆေးရုံ၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်ဆေးရုံ၊ မတ္တရာ ပြည်သူ့ဆေးရုံ၊ ကျောက်ဆည်မြို့နယ်၊ စဉ့်ကိုင်ပြည်သူ့ဆေးရုံ၊ ပျော်ဘွယ်မြို့နယ်၊ ယင်းတော် တိုက်နယ်ဆေးရုံ၊ မြစ်သားမြို့နယ် ပြည်သူ့ဆေးရုံ၊ ကူမဲတိုက်နယ်ဆေးရုံ၊တောင်သာမြို့နယ်၊ ဝဲလောင်တိုက်နယ် ဆေးရုံ၊ ကျောက်ပန်းတောင်း မြို့နယ် ပြည်သူ့ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် ပြည်သူ့ဆေးရုံ၊ သာယာဝတီခရိုင် ပြည်သူ့ဆေးရုံ၊ ရွှေကျင်မြို့နယ်၊ ဒုံဇရစ်ကျေးရွာ တိုက်နယ်ဆေးရုံနှင့် လက်ပံတန်းမြို့နယ် ပြည်သူ့ဆေးရုံတို့ရှိ ဝန်ထမ်းများနှင့် လူနာရှင်များက အကူအညီ တောင်းခံမှုကြောင့် တပ်မတော်မှ ဆေးကုသရေးအဖွဲ့များအား စေလွှတ်၍ ရောဂါဝေဒနာ ခံစားနေရသည့် ဒေသခံပြည်သူများကို လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အရိုး/အကြောရောဂါ၊ အစာအိမ်ရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများကို ဆက်လက် ဆောင်ရွက်ပေးပြီး ခွဲစိတ်ကုသရန် လိုအပ်သော လူနာများအား ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ ပြည်သူ့ဆေးရုံရှိ ဆရာဝန်များနှင့် သူနာပြုများသည် ၎င်းတို့၏ လုပ်ငန်း တာဝန်များကို ထမ်းဆောင်ခြင်း မရှိသဖြင့် ဆေးကုသရန် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိရာ ဒေသခံပြည်သူများက အနောက်မြောက်တိုင်း စစ်ဌာနချုပ်သို့ အကူအညီ တောင်းခံလာခဲ့သဖြင့် ဧပြီ ၁၉ ရက်တွင် တိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်မှ တပ်မတော်သား ဆရာဝန်များနှင့် သူနာပြုများ ပါဝင်သော ဆေးအဖွဲ့အား အဆိုပါဆေးရုံသို့ စေလွှတ်ခဲ့ရာ ရပ်မိရပ်ဖများနှင့် ဒေသခံ ပြည်သူများက ဝမ်းမြောက်ဝမ်းသာစွာဖြင့် လှိုက်လှဲစွာ ကြိုဆိုခဲ့ကြကြောင်းနှင့် ဒေသခံပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို စတင်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်နေမှုများကို တိုင်းစစ်ဌာနချုပ် အသီးသီးရှိ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ ဒေသခံပြည်သူများအား ဆေးကုသပေးထားမှု အခြေအနေများ၊ ကျန်းမာရေး တိုးတက်ကောင်းမွန်မှု အခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကား ပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထိုသို့ကျန်းမာရေး စောင့်ရှောက်မှုအပေါ် ဒေသခံပြည်သူများအနေဖြင့် အထူးပင်ကျေးဇူးတင် ဝမ်းမြောက်လျက် ရှိကြောင်း သတင်းရရှိသည်။