
ဆေးဖက်ဝင် ဖလံတောင်ဝှေးပင်
ဖလံတောင်ဝှေးကို မြန်မာပြည်၏ အချို့ဒေသများတွင် ကလန်တောင်ဝှေးဟုခေါ်ကြသည်။ Costaceae မျိုးရင်းဖြစ်ပြီး ရုက္ခဗေဒအခေါ်အရ Costus Speciosus Smith ဟုခေါ်သည်။ Zingiberaceae မျိုးနွယ်ဖြစ်ကာ Spiral ချင်းအုပ်စုပင်မျိုးဖြစ်သည်။ ဟင်ဒီဘာသာဖြင့် Keukand ဟုခေါ်ကြပြီးဆင်ဟာလာ (သီရိလင်္ကာဘာသာ) ဖြင့် Thebu ဟု ခေါ်ဆိုကြသည်။ Spiral Ginger ဟုလည်းခေါ်သည်။ ကမ္ဘာနှင့်အဝှမ်းတွင် မျိုးစိတ်ပေါင်း ၄၅ ခုခန့်နှင့် မျိုးကွဲပေါင်း ၈၀ ခန့်တွေ့ရှိရသည်။ ပုံမှန်အားဖြင့် အရိပ်ကိုကြိုက်နှစ်သက်ပြီး အချို့မျိုးကွဲများမှာ နေရောင်ဒဏ်ကိုခံနိုင်ရည်ရှိသည်။ အရှေ့တောင်အာရှ နိုင်ငံများ၏ မိုးဥတုတွင် များစွာဖြစ်ထွန်းပေါက်ရောက်သည်။ တရုတ်၊ သီရိလင်္ကာ၊ အိန္ဒိယ၊ မြန်မာ၊ အင်ဒိုနီးရှား၊ ဖီဂျီကျွန်းစု၊ ဟာဝိုင်အီကျွန်းစုနှင့် နီကိုဘာ ကျွန်းစုတို့တွင် အနံှ့အပြားပေါက်ရောက်သည်။ ငှက်သတ္တဝါတို့မှ စားသုံးသယ်ဆောင်ခြင်းကြောင့် ကမ္ဘာ့အပူပိုင်းဒေသအနှံ့အပြားတွင် ပေါက်ရောက်လာ ခြင်းဖြစ်သည်။
အပင်သည် လှပတင့်တယ်သော သစ်ပင်ပျော့မျိုးဖြစ်သည်။ ပင်စည်မှာ နီညိုရောင်ဖြစ်သည်။ ၄ ပေ မှ ၁၀ ပေအထိမြင့်သည်။ အရွက်မှာ ငှက်တောင်ပုံဖြစ်ပြီး ထိပ်ချွန်သည်။ ၉ လက်မခန့်ရှည်သည်။ ပန်းခိုင်ထိပ်ဖျားမှထွက်၍ ကတော့ပုံသဏ္ဌာန် ပန်းခိုင်ဖြစ်သည်။ ၃ လက်မခန့်ရှည်၍ နီသောပွင့်ခံ ရွက်များပါရှိသည်။ အပွင့်မှာ အဖြူဆွတ်ဆွတ် နုနယ်၍ လှိုင်းတွန့်ကဲ့သို့ ကတော့ပုံဖြစ်သည်။ အပွင့်သည်ကြီး၍ အချင်း ၃ လက်မခွဲခန့်ရှိပြီး ၂ လက်မခန့် အရှည်ရှိသည်။ သို့သော်အချို့သော မျိုးကွဲများတွင် အပွင့်မှာ အဖြူနှင့်အစိမ်းကျား အရောင်ရှိသည်။
ဖလံတောင်ဝှေးဟင်းလျာများ
ယခုလို မိုးတွင်းကာလများတွင်သာတွေ့ရသော ရာသီစာ ဖလံတောင်ဝှေးပင်တွေကို အိမ်ရှင်မများက ပေါ်ဦးပေါ်ဖျားဝယ်ကြပြီး အရသာရှိရှိ ကြော်လှော်ချက်ကြသည်။ ဖလံတောင်ဝှေးကို အပူပေးချက်ပြုတ်လိုက်သောအခါ ထွက်ရှိလာသော အနံ့လေးက နှစ်သက်သူများအဖို့ သွားရည်ယိုစရာဖြစ်သည်။ အပင်၏ ရင့်သောအပိုင်းကို ဖဲ့ချွေပြီးနောက် ဖလံတောင်ဝှေး နုနုတွေကို ငရုတ်ကျည်ပွေ့နဲ့ထု၊ ဓားနှင့် သင့်ရုံပိုင်းဖြတ်ပြီး ကြက်သွန်ဖြူဆီသတ်ကာ ကြော်စားကြသည်။ ဖလံတောင်ဝှေးကို သူ့ချည်းသက်သက် အဖြူထည်လေးကြော်၍လည်းကောင်း၊ ပုစွန်ထည့်ကြော်၍လည်းကောင်း၊ အချဉ်ကြိုက်တတ်သူများ ကလည်း ဒယ်အိုးထဲ ဖလံတောင်ဝှေးနွမ်းလာသောအခါ ကင်ပွန်းချဉ်ရွက် လက်တစ်ဆုပ်ခန့်အိုးထဲထည့်လှိမ့်၍ အရသာရှိရှိကြော်စားကြသည်။
ဆေးဖက်ဝင် ဖလံတောင်ဝှေးပင်
Costus Speciosus နှင့် Antidiabetic နှင့် Antilipidemic ဓာတ်ပြည့်ဝစွာပါဝင်သည့် အတွက် ဖလံတောင်ဝှေးဥကိုအခြောက်ခံအမှုန့်ပြုလုပ်၍ နေ့စဉ်ပုံမှန်သောက်သုံးပါက ဆီးချို ရောဂါကို ပျောက်ကင်းစေပြီးခန္ဓာကိုယ်အတွင်းမှ မလိုလားအပ်သော အဆီများကိုလည်းချေဖျက်စေနိုင်သည်။
သျှတြရကျမ်းအဆိုအရ ပန်းနာရင်ကျပ်ရောဂါကိုပျောက်ကင်းစေကြောင်း၊ ယားနာ (Rash)၊ လည်ချောင်းနာ (Bronchitis) နှင့် အူလမ်းကြောင်းအတွင်းမှ သန်ကောင်နှင့်တုတ်ပိုး(Intestinal Worms )များကို သေစေနိုင်ပြီး ကာမအားကို တိုးစေနိုင်ကြောင်း သိရသည်။
သူ့ပင်ကို သဘာဝက ဆေးစွမ်းထက်သဖြင့် နားပြည်ယိုခြင်းနှင့် နားကိုက်ခြင်းတို့အတွက် အသုံးဝင်လှသည်။ ဖလံတောင်ဝှေးအပင်၏ အပေါ်ယံအခွံကို ခွာပြီး ခပ်နွမ်းနွမ်းဖြစ်သွားအောင် မီးကင်၍ အအေးခံပြီး အရည်ညှစ်ယူထားပါ။ ရလာသော ထိုဖလံတောင်ဝှေးအရည် လေးစက်ခန့်ကို နားထဲသို့ တစ်နေ့ ငါးကြိမ်မျှ ထည့်ပေးခြင်းဖြင့် နားပြည်ယိုခြင်းနှင့် နားကိုက်ခြင်းတို့ကို သက်သာပျောက်ကင်းစေနိုင်သည်။
ရှေးလူကြီးများက ဖလံတောင်ဝှေးပင်အမြစ်ကို ထောင်းထု၍ နှာစေး၊ ချောင်းဆိုး၊ အဖျား၊ အစာမကြေ၊ လေနာ၊ အရေပြားရောဂါ၊ ေ>မကိုက်ခြင်းတို့အတွက် ဆေးမြီးတိုအဖြစ် ကုသပျောက်ကင်းလေ့ရှိကြသည်။
အမျိုးသမီးရောဂါများဖြစ်ကြသော သားအိမ်လျှော၊ သားအိမ်ကျ၊ သားအိမ်အောင့်ခြင်းနှင့် အမျိုးသားရောဂါများဖြစ်ကြသော အူကျခြင်း၊ တိုနာရောဂါတို့အတွက် ဖလံတောင်ဝှေးပင်ကို အခြောက်လှန်း၊ အမှုန့်ပြုလုပ်၍ အုန်းဆီနှင့်ရောဖျော်ပြီး စအိုနှင့် ဆီးစပ်ပေါ်ကို လိမ်းထားခြင်းဖြင့် ပျောက်ကင်းစေနိုင်သည်။
ထို့ပြင် အမျိုးသမီးတွေမှာအဖြစ်များသော ရင်သားအဆီအကျိတ်ဖုအတွက် ဖလံတောင်ဝှေးပင် တစ်ပင်လုံးကိုထုချေ၍ အကျိတ်ပေါ်အုံပေးပြီး အဝတ်စည်းပေးခြင်းဖြင့် အကျိတ်ကျေစေသည်။
အမျှင်ဓာတ်<ကယ်ဝသော ဖလံတောင်ဝှေးကို မကြာခဏ ချက်စားပေးခြင်းဖြင့် ဝမ်းချုပ်ခြင်းကို မဖြစ်စေတော့ပေ။
အမျိုးသားများ ဒူလာရောဂါအတွက် လက်တစ်ဆုပ်စာပမာဏရှိသော ဖလံတောင်ဝှေးအပင်နှင့်အမြစ်တို့ကို သုံးခွက်တစ်ခွက်တင်ကျိုချက်သောက်၍သော်လည်းကောင်း၊ ဖလံတောင်ဝှေးအမြစ်ဥကို ချင်း၊ သကြားနှင့် ရောစပ်ကျိုချက်၍သော်လည်းကောင်း တစ်နေ့နှစ်ကြိမ် သောက်ပေးသင့်သည်။
အထိုင်များ၍ ခါးနာတတ်သူများနှင့် ဆီးချိုရောဂါကြောင့် ကျောက်ကပ်ပျက်စီးသူများအတွက် ဖလံတောင်ဝှေး ပÍ္စငါးပါး(ပင်စည်၊ အမြစ်၊ အရွက်၊ အပွင့်၊ အမြစ်ဥ) တို့ကို ငရုတ်ကောင်းနှစ်စေ့ထည့်၍ ဆူပွက်နေအောင် ကျိုချက်ပြုတ်ကာ သောက်သုံးနိုင်သည်။
နာလန်ထစလူနာများအတွက် ဖလံတောင်ဝှေးပင်ကို အခြောက်မှုန့်ပြုလုပ်၍ ပျားရည်၊ ထောပတ်နှင့်ရော၍ ညအိပ်ရာဝင်ခါနီးတိုင်း လက်ဖက်ရည်ဇွန်းတစ်ဇွန်း မှန်မှန်စားသုံးပေးခြင်းဖြင့် ရက်သတ္တပတ်အနည်းငယ်အတွင်းမှာပင် သိသိသာသာခွန်အားပြည့်လာစေသည်။ရောဂါအမျိုးမျိုးတို့အတွက် ဆေးဖက်ဝင် ဖလံတောင်ဝှေးပင်များကို အောက်ပါအတိုင်းချက်စားနိုင်သည်-
နို့တိုက်မိခင်များတွင်ဖြစ်လေ့ရှိသော နို့မထွက်ခြင်း၊ နို့ပူခြင်း၊ ယားယံခြင်း၊ နို့အနာပေါက်ခြင်း၊ နို့ချောင်းပိတ်ခြင်း၊ သကျည်းကိုက်ခြင်း စသည့်ပြဿနာများအတွက် ဖလံတောင်ဝှေးကို မကြာခဏ ဟင်းခါးချက်စားပေးပါ။
နှမ်းဆီစစ်စစ်ဖြင့် ကြော်စားပေးခြင်းက ချောင်းဆိုးရောဂါနှင့် နှလုံးအားနည်း၍ နှလုံးတုန်ရောဂါတို့ကိုသက်သာစေနိုင်သည်။
ငါးခူနှင့်ရော၍ချက်စားခြင်းဖြင့် ကာမအားကို တိုးပွားစေနိုင်သည်။
ငါးသိုင်း သို့မဟုတ် ပုစွန်နှင့်ရော၍ ချက်စားပေးခြင်းက သွေးဝမ်းရောဂါကိုပျောက်စေသည်။
အမဲသားနှင့်ချက်စားပါက ဆီးရွှင်၍ ကျောက်ကပ်ကို ကျန်းမာစေသည်။
ရေကြက်သားနှင့် ချက်စားခြင်းက ဆီးကျောက်တည်၊ ဆီးပူ၊ ဆီးအောင့်၊ ဆီးအားနည်း၊ ဆီးကျန်၊ ဆီးဝါခြင်းစသည့် ဆီးရောဂါအမျိုးမျိုးတို့ကို ပျောက်ကင်းစေနိုင်သည်။
ပုစွန်စုတ်ဖွား(ပုစွန်ဆိတ်)နှင့် ကြော်စားပါက လိပ်ခေါင်းသွေးကျခြင်းကို သက်သာစေသည်။
ကင်ပွန်းချဉ်ရွက်ဖြင့် ကြော်စားခြင်းဖြင့် ဆံပင်ဖြူခြင်းနှင့် သွေးဆုံးကိုင်ဝေဒနာကို သက်သာစေသည်။