ဇော်မင်းထွန်းနှင့် ထိုင်းလိဂ်-၁ ကလပ် ဆူခိုထိုင်းအသင်း နှစ်လသက်တမ်းတိုး စာချုပ်ချုပ်ဆို

ရန်ကုန်၊ ဘောလုံး
ထိုင်းလိဂ်-၁ ကလပ် ဆူခိုထိုင်းအသင်းတွင် ကစားနေသည့် မြန်မာ့လက်ရွေးစင် နောက်ခံကစားသမား ဇော်မင်းထွန်း သည် ထိုင်းလိဂ် ပထမအကျော့ရာသီဝက် ပြီးဆုံးမည့် ဒီဇင်ဘာလအထိ အသင်းနှင့် နှစ်လသက် တမ်းတိုး စာချုပ်ချုပ်ဆိုလိုက် ကြောင်း သိရသည်။
ဇော်မင်းထွန်းသည် ယခုနှစ် ဘောလုံး ရာသီအစတွင် ဆူခိုထိုင်းအသင်းသို့ တစ်ရာသီစာချုပ်ဖြင့် ပြောင်းရွှေ့ ခဲ့ပြီး အောက်တိုဘာလကုန်တွင် အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။
''ဆူခိုထိုင်းအသင်းနဲ့ ရာသီကုန်အထိ စာချုပ်ချုပ်ဆို ထားပေမယ့် COVID-19 ရောဂါ အခြေအနေကြောင့် လိဂ်ပြန်စချိန် နောက်ကျတဲ့အတွက် အောက်တိုဘာလ ကုန်မှာ အသင်းနဲ့ စာချုပ် သက်တမ်းကုန် မှာဖြစ်ပါတယ်။ ဒါကြောင့် အသင်းနဲ့ သက်တမ်းတိုး စာချုပ်ချုပ်ဆိုထားပါတယ်။ လက်ရှိတော့ ပထမအကျော့ရာသီဝက် ပြီးဆုံးတဲ့အထိ နှစ်လသက်တမ်းတိုး စာချုပ် ချုပ်ဆိုထားတယ်။ COVID-19 ရောဂါ အခြေအနေကြောင့် ဘောလုံး ရာသီပြီး ဆုံးချိန် နောက်ကျတဲ့အတွက် အခုလို သက်တမ်းတိုး ဖြစ်တာပါ'' ဟု ဇော်မင်းထွန်း ကပြောသည်။
ဆူခိုထိုင်းအသင်းသည် ယခုနှစ်ဘောလုံး ရာသီအစတွင် မြန်မာ့ လက်ရွေးစင် တိုက်စစ်မှူး ကျော်ကိုကိုနှင့် နောက်ခံကစားသမား ဇော်မင်းထွန်းတို့ကို ခေါ်ယူခဲ့သော်လည်း ကျော်ကိုကိုနှင့် လမ်းခွဲခဲ့သည့်အတွက် ဇော်မင်းထွန်း တစ်ဦးတည်းသာ ကျန်ရှိနေခြင်း ဖြစ်သည်။
ဇော်မင်းထွန်းသည် ၂ဝ၁၉ ဘောလုံး ရာသီမှစ၍ ထိုင်းလိဂ်သို့ ပြောင်းရွှေ့ ကစားခဲ့ပြီး ၂ဝ၁၉ခုနှစ်တွင် ချောင်ဘူရီ အသင်း၊ ၂ဝ၂ဝ ပြည့်နှစ်တွင် ဆူခိုထိုင်းအသင်း တို့တွင် ကစားလျက်ရှိသည်။
ထိုင်းလိဂ်-၁ ပြိုင်ပွဲကို စက်တင်ဘာ ၁၂ ရက်မှ ၂ဝ၂၁ ခုနှစ် ဧပြီ ၃ ရက်အထိ ပြန်လည်ကျင်းပလျက်ရှိသည်။
ကိုရဲ