တစ်နိုင်တစ်ပိုင်အိမ်တွင်းမှုလုပ်ငန်းမှ ကမ္ဘာ့အဆင့်မီပို့ကုန်အထိ တီထွင်ထုတ်လုပ်နိုင်သည့် ပခုက္ကူချည်ထည်လုပ်ငန်း

တစ်နိုင်တစ်ပိုင်အိမ်တွင်းမှုလုပ်ငန်းမှ ကမ္ဘာ့အဆင့်မီပို့ကုန်အထိ တီထွင်ထုတ်လုပ်နိုင်သည့် ပခုက္ကူချည်ထည်လုပ်ငန်း

 မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့သည် မြန်မာနိုင်ငံတွင်   အရှည်ဆုံးဖြစ်သည့် ဧရာဝတီမြစ်ကူးတံတားကြီး  တည်ရှိရာ မြို့ဖြစ်သလို  ချင်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ နှင့်   နယ်နိမိတ်ချင်းထိစပ်လျက်ရှိပြီး ကုန်စည်စီးဆင်းရာ  အချက်အချာကျသည့် စီးပွားရေးမြို့တစ်ခုလည်းဖြစ်ပါသည်။ 

ထို့ပြင်   ကြက်သွန်၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါ၊မြေပဲများထွက်ရှိပြီး  ပခုက္ကူမြို့၏  ချည်ထည်လုပ်ငန်းသည်လည်း ထင်ရှားကျော်ကြားသည့် ထွက်ကုန်၊  ထုတ်ကုန်တစ်ခုဖြစ်ပါသည်။ ပခုက္ကူအညာဒေသမှထွက်ရှိလာသည့် ချည်စောင်မျိုးစုံ၊  လက်သုတ်ပဝါမျိုးစုံ၊ တဘက်၊ စောင်မျိုးစုံ၊ ချည်ထည်လုံချည်များသည်   ဈေးကွက်အတွင်း ထိုးဖောက်ဝင်ရောက်နိုင်သလို လှပပြီးတာရှည်အသုံးခံသည့်  ချည်ထည်ပစ္စည်းများဖြစ်သည့်အတွက် မြန်မာပြည်တစ်ဝန်းတွင် ထင်ရှားကျော်ကြားသည်ကို  တွေ့ရသည်။ ချည်ထည်များ၏  သဘာဝအရလည်း  မြန်မာ့ရာသီဥတုများနှင့်   အထူးသင့်လျော်ပြီး  နွေရာသီကာလတွင် အအေးဓာတ်ရရှိစေသလို ဆောင်းရာသီကာလတွင်လည်း အနွေးဓာတ်ကို  ပေးစွမ်းနိုင်ခြင်းတို့ကြောင့် မြတ်နိုးခုံမင်စွာ ဝတ်ဆင်၊အသုံးပြုနေကြသည်ကိုလည်း တွေ့ရသည်။   

ချည်ထည်လုပ်ငန်းများ  အောင်မြင်အောင်ဆောင်ရွက်ခြင်းသည်လည်း အိမ်တွင်းလက်မှုလုပ်ငန်း၊ အိမ်တွင်းစက်မှုလုပ်ငန်းများကို   အားပေးမြှင့်တင်ပေးရာရောက်သလို   အလုပ်အကိုင်အခွင့်အလမ်းများ များပြားစွာရရှိစေရန်   ဆောင်ရွက်ပေးရာ လည်း ရောက်ပါသည်။  နည်းပညာပိုင်းဆိုင်ရာ ခေတ်မီတိုးတက်နေသည့်  ယနေ့ခေတ်ကာလစနစ်များအရ  မြန်မာ့ရိုးရာချည်ထည်များကို  ခေတ်မီသည့်နည်းပညာများ၊ စက်ပစ္စည်းများကိုအသုံးပြုပြီး လက်ရက်ကန်းအဆင့်ကနေ စက်ရက်ကန်းအဆင့်ကိုကူးပြောင်းကာ ချည်ထည်လုပ်ငန်းများကို  ကမ္ဘာ့အဆင့်မီချည်ထည်များအဖြစ် အဆင့်အတန်းမြင့်မားစွာ ထုတ်လုပ်နိုင်ကြပြီဖြစ်ပါသည်။ ထို့အတူ ပြည်တွင်းချည်ထည်များကို ဝယ်ယူအားပေးဝတ်ဆင်အသုံးပြုခြင်း၊ ပြည်တွင်းချည်ထည်ရက်လုပ်သည့်လုပ်ငန်းများကို  အားပေးမြှင့်တင်ခြင်းသည် နိုင်ငံခြားမှတင်သွင်းလာမည့် အဝတ်အထည်၊ အသုံးအဆောင်ပစ္စည်းပိုင်းဆိုင်ရာ သွင်းကုန်များကို   လျော့နည်းစေသလို မြန်မာ့ရိုးရာအဆင့်မီ  ချည်ထည်ပစ္စည်း ပို့ကုန်များကိုလည်း ပိုမိုတိုးတက်မြင့်မားစွာတင်ပို့နိုင်ခြင်းကြောင့်   နိုင်ငံခြားဝင်ငွေကို ပိုမိုရရှိစေနိုင်မည်ဖြစ်သည်။ 

ပခုက္ကူမြို့သည်    ချည်ထည်များစွာ ထွက်ရှိသည့်မြို့ဖြစ်သလို  ကျေးလက်နေပြည်သူအများစု၏  တစ်နိုင်တစ်ပိုင်အသက် မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခုလည်းဖြစ်သည်။ ထို့ကြောင့် ပခုက္ကူဒေသရှိ ကျေးလက်နေပြည်သူများအနေဖြင့်   မြန်မာ့ရိုးရာ ရက်ကန်းလုပ်ငန်းများကို တစ်နိုင်တစ်ပိုင်အသက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခုအဖြစ် တွင်ကျယ်စွာလုပ်ကိုင်ပြီး  ဒေသထွက်ကုန်ချည်ထည်များဖြင့် စီးပွားရေးဈေးကွက်များကို   ဖော်ဆောင်ပေးနိုင်ရန် ရည်ရွယ်ကာ အမျိုးသမီးအများစုပါဝင်သည့် ရွှေဝတ်မှုံနယ်မြေဦးဆောင်အဖွဲ့ကို  ဖွဲ့စည်းထူထောင်ကာ စက်ရက်ကန်းစင်၊ ရက်ဖောက်စက်စင်များဖြင့်   ပုံမှန်လည်ပတ်အောင်ရက်လုပ်ကြကြောင်းလည်း သိရသည်။     လက်ရက်ကန်းလုပ်ငန်းများကို လွန်ခဲ့တဲ့  နှစ်ပေါင်း ၄၀ ခန့်ကစတင်ပြီး တစ်နိုင်တစ်ပိုင်အသက်မွေးဝမ်းကျောင်း လုပ်ငန်းတစ်ခုအဖြစ် တွင်ကျယ်စွာလုပ်ကိုင်ခဲ့ကြခြင်းဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်ရောက်မှသာ စက်ရက်ကန်းလုပ်ငန်းအဖြစ် စတင်အသွင်ကူးပြောင်းကြပြီး စက်ရက်ကန်းစင်ခြောက်စင်နဲ့ရက်ဖောက်စက်စင်များဖြင့် ပုံမှန်လည်ပတ်အောင်ကြိုးစားဆောင်ရွက်
ခြင်းဖြစ်ပါတယ်။  ချည်ထည်ကုန်ကြမ်းများကို ပခုက္ကူမြို့ပေါ်တွင်  သွားရောက်ဝယ်ယူရပြီး အလုပ်သမားလုပ်အားခပေးချေမှုများအပါအဝင်  တစ်လလျှင် ငွေကျပ်သိန်း ၅၀ ကျော်ရင်းနှီးရပါတယ်။ ကျွန်မတို့က အဓိကအားဖြင့်   ပခုက္ကူချည်ချောသက္ကလတ်စောင်နှင့်  လက်သုတ်ပဝါများကို ကုန်ချောအဖြစ် ထုတ်လုပ်တာများပါတယ်။ကျန်တာလည်းရက်လုပ်ပါတယ်။ အစောင်ထည် ၂၀၀ ရှိသည့် ပခုက္ကူချည်ချောသက္ကလတ်စောင်တစ်လိပ်တုံးကို  တစ်လကြာအောင်ရက်လုပ်ရပြီး အလုပ်သမားရက်လုပ်အားခအတွက် တစ်လိပ်တုံးစာကို တစ်သိန်းကျော်ပေးရပါတယ်။ အထည် ၂၀ စောင်ပါသည့် လက်သုတ်ပဝါစောင် တစ်လိပ်တုံးကိုတော့ ၁၅ ရက်လောက်  ဆယ်ချည်တိုင်ဖောက်ရက်လုပ်ရပြီး တစ်လကို နှစ်လိပ်တုံးရက်လုပ်ပြီးစီးပါတယ်။ ရက်လုပ်ပြီးစီးတဲ့ တစ်လိပ်တုံးကနေ လက်သုတ်ပဝါအုပ်ရေ ၇၀ ကျော်ထွက်ရှိပြီး  ရက်လုပ်ခအတွက် ငွေကျပ် ၂၀၀၀၀ ကျော်  ပေးရပါတယ်။အထည်ငါးထုပ်ပါသည့် ချည်ထည်အင်္ကျီစကို နှစ်လိပ်တုံးရက်လုပ်ရတာကြောင့် တစ်လကြာပါတယ်။ ကျေးလက်နေပြည်သူတိုင်း ဝယ်ယူအားပေးဝတ်ဆင်၊  အသုံးပြုနိုင်ရန် အတွက်ရည်ရွယ်ပြီး ဈေးနှုန်းသက်သာစွာ ရက်လုပ်ရောင်းချပေးနေတာကြောင့် ကျွန်မတို့အတွက်တော့ အမြတ်အစွန်းရရှိမှုနည်းပါတယ်။ အခုကတော့ ကျွန်မတို့ စက်ရက်ကန်းလုပ်ငန်းကနေထွက်ရှိသည့်  ချည်သက္ကလတ်စောင်နှင့်လက်သုတ်ပဝါများကို ပခုက္ကူ မြို့မဈေးကြီးနှင့် မြို့ပေါ်ရှိချည်ထည်ဆိုင်များအပြင် ရန်ကုန်၊ မြင်းခြံ၊ ပုဂံညောင်ဦး
နှင့်အခြားမြို့နယ်များတွင်    လက်လီ၊လက်ကားစနစ်ဖြင့် ဖြန့်ဖြူးရောင်းချနိုင်ခဲ့ပြီဖြစ်ပါတယ်။ တချို့လက်ကားဝယ်သမားတွေကနေ ဂျပန်နိုင်ငံတို့လို ပြည်ပဈေးကွက်အထိပါ ရောင်းချနေကြပါတယ်ဟု ပခုက္ကူမြို့နယ်  အနောက်ချောက်ကန်ကျေးရွာ၊ ရွှေဝတ်မှုံနယ်မြေ ဦးဆောင်အဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးအေးမိုးကပြောပြသည်။

ယနေ့ခေတ်ကာလများတွင် ပခုက္ကူအညာဒေသ၌ ချည်ထည်လုပ်ငန်းများကို  အရှိန်အဟုန်မြှင့် လုပ်ကိုင်လာကြခြင်းကြောင့် ဓာတုဆိုးဆေးများအပြင် ဆီးဖြူသီး၊ ဆီးဖြူရွက်၊ ညောင်ရွက်၊ ညောင်ခေါက်၊ ထန်းသီးခွံ၊ဧကရာဇ်ရွက်၊ သရက်ရွက်၊ ခွေးတောက်ရွက် စသည့်အနီးပတ်ဝန်းကျင်ဒေသများတွင် အလွယ်တကူရရှိနိုင်သည့် သဘာဝသစ်ဥ၊သစ်ဖု၊ သစ်သီး၊ သစ်ရွက်များကိုအသုံးပြုပြီး သဘာဝဆိုးဆေးချည်ထည်လုပ်ငန်းများရက်လုပ်ကာ အောင်မြင်သည့်ဈေးကွက်တစ်ခုကို ဖော်ဆောင်နိုင်ခဲ့ကြသည်ကိုလည်း တွေ့ရပါသည်။ ထို့ကြောင့်  မြန်မာ့အနုပညာလက်ရာစစ်စစ်ချည်ထည်များကို မြန်မာနိုင်ငံတွင် ရာသီမရွေးရရှိနိုင်သည့် သဘာဝဆိုးဆေးများအသုံးပြုပြီး တစ်နိုင်တစ်ပိုင်အိမ်တွင်းမှုလုပ်ငန်းမှ ကမ္ဘာ့အဆင့်မီပို့ကုန်အထိ တီထွင်ထုတ်လုပ်နိုင်သည့် အဆင့်မြင့်မားသောချည်ထည်များကို အောင်မြင်စွာဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် မြန်မာ့ချည်ထည်လုပ်ငန်းများကို  ဝိုင်းဝန်းကြိုးစားအားပေးသင့်ကြောင်း သိရပါသည်။   ။