တစ်ပိုင်တစ်နိုင် ငါးခြောက်လုပ်ငန်း လုပ်ကိုင်သူများ အဆင်ပြေ

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့၌ ယခုကာလအတွင်း တစ်ပိုင်တစ်နိုင် ငါးခြောက်လုပ်ငန်း လုပ်ကိုင်သူ ဒေသခံများ စီးပွားရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ကော့သောင်းမြို့နေ  ဒေသခံ အခြေခံ လူတန်းစား ထက်ဝက်ကျော်သည် ပင်လယ်ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြပြီး ရောဂါထိန်းချုပ်မှုကာလအတွင်း ကမ်းဝေးငါးဖမ်းလှေတချို့ ရပ်နားထားသော်လည်း မြို့နေပြည်သူများ နေ့စဉ်စားသုံးရန် လိုအပ်သည့် ပင်လယ်ငါး လိုအပ်ချက်ကို ကမ်းနီးငါးဖမ်း လှေငယ်များက ဖြည့်ဆည်းပေးလျက်ရှိသည်။

ကမ်းနီးငါးဖမ်းလုပ်ငန်းသည် ယခင်ကာလက မြို့နေပြည်သူ စားသုံးမှု လိုအပ်ချက်ထက် ပိုလျှံသဖြင့် ထိုင်းနိုင်ငံငါးဈေးကွက်သို့ တင်ပို့ရောင်းချခြင်းဖြင့် စီးပွားရေးအဆင်ပြေကြသည်။   ယခုကာလတွင် ထိုင်း-မြန်မာ နယ်စပ်ရေထွက်ကုန်များ တင်ပို့ရောင်းချခွင့် ရပ်နားထားရာ ကမ်းနီးငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူများ စီးပွားရေး အခက်အခဲတချို့  ဖြစ်ပေါ်မှုများ ရှိသော်လည်းပြည်ပသို့တင်ပို့ခွင့် မရသည့်ငါးများကို အခြောက်လှမ်းကာ ငါးခြောက်လုပ်ငန်းအဖြစ် လုပ်ကိုင်ရောင်းဝယ်မှုကြောင့် ရေလုပ်ငန်း လုပ်ကိုင်သူ အခြေခံ လူတန်းစားများ ဝင်ငွေအထိုက်အလျောက် ရရှိကာစီးပွားရေး အဆင်ပြေလျက်ရှိသည်။

ကမ်းနီးငါးဖမ်းလှေများမှ ဖမ်းယူရရှိသည့် ပင်လယ်ငါးတစ်မျိုးဖြစ်သည့် ဒေသအခေါ်အရိုးစိမ်းငါးခြောက် တစ်ပိဿာလျှင် ပေါက်ဈေးငွေကျပ် ၁၅ဝဝဝ ကျော်ရှိပြီး ပိုမိုကောင်းမွန်သည့် ဇလုံးငါးခြောက် တစ်ပိဿာလျှင် ငွေကျပ် ၂ဝဝဝဝ ကျော်အထိရောင်းချရသည်။ ရောင်းချသူများ အနေဖြင့်လည်း ငါးအစိုရောင်းချရာတွင်   ရက်ကြာပါက ပုပ်သိုးဆုံးရှုံးမှုများ ကြုံရပြီး ငါးခြောက်မှာ တာရှည်အထားခံ ရောင်းချနိုင်သဖြင့် ဆုံးရှုံးမှုနည်းပါးကာ ငါးအစိုထက် ငါးခြောက်က ရက်ကြာစွာ ထားရှိ စားသုံးနိုင်ကြောင်း သိရသည်။